ထွန်းရောင်ခြည်
လူ့ဘဝဆိုသည်မှာ တိုတောင်းလှသော ခရီးတစ်ခုဖြစ်ပြီး မည်သည့်အချိန်တွင် မည်သည့်ဒုက္ခ၊ မည်သည့်ရောဂါဘယ ကျရောက်လာမည်ကို ကြိုတင်သိရှိနိုင်စွမ်း မရှိကြပေ။ သာမန်ရိုးရှင်းလှသော နေ့ရက်တစ်ရက်တွင် မိမိ၏ခန္ဓာကိုယ်က မမျှော်လင့်ဘဲ အချက်ပြခေါင်းလောင်းထိုးလိုက်သောအခါမှသာ လူ့ဘဝ၏ မမြဲခြင်းတရားနှင့် ရာဇဝင်တွင်မည့် သစ္စာတရားများကို ရုတ်တရက်သဘောပေါက်သွားမိသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့သည် ထိုကဲ့သို့သော မမေ့နိုင်စရာ၊ ရင်ကိုတုန်လှုပ်စေကာ သတိတရားများ အပြည့်အဝ ဝင်ရောက်လာစေခဲ့သည့် နေ့ရက်တစ်ရက်ပင်တည်း။
ခန္ဓာကိုယ်အတွင်းပိုင်းမှ အရေးပေါ်အချက်ပြမီးလင်းလာ
ထိုနေ့က ငါးထပ်ကြီးစာသင်တိုက် (ဝါဆိုကျောင်း) သို့ ရောက်ရှိနေစဉ် ဖြစ်ရပ်လေးတစ်ခု ကြုံခဲ့ရပါသည်။ ထိုဖြစ်ရပ်မှာ အသက် ၄၀ ကျော်လာသည်အထိ ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူး၊ မခံစားဖူးသေးသော ထူးဆန်းပြင်းထန်သည့် နာကျင်မှုတစ်ခုဖြင့် စတင်ခဲ့ပါသည်။ ရင်ဘတ်နှင့် ဗိုက်ထဲတို့မှ တစ်စုံတစ်ခုက တစ်ခုခုကို အသည်းအသန် သတိပေးနေသကဲ့သို့ တဆစ်ဆစ်ဖြင့် ထိုးကိုက်နာကျင်လာခဲ့သည်။ သာမန် နာကျင်ကိုက်ခဲမှုမျိုးမဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းမှ အရေးပေါ်အချက်ပြမီး လင်းလာသကဲ့သို့ ရှိနေသဖြင့် မသက်သာဘဲ ရှိနေခဲ့ပါသည်။
ထို့ကြောင့် စာသင်တိုက်မှ မိမိတို့ ကိုးကွယ်ဆည်းကပ်ရသော ငယ်ဆရာ များဖြစ်ပြီး ဇာတိမွေးရပ်တူ၊ အယူအဆ တူ စာသင်တိုက်၏ တိုက်အုပ်ဆရာတော်ကြီးများဖြစ်သော ဆရာတော်ကြီး ဦးနာယက၊ ဆရာတော်ကြီး ဦးပါမောက္ခ တို့ထံ အကျိုးအကြောင်း လျှောက်ထားခဲ့ ပါသည်။ ဆရာတော်ကြီးများ၏ သပ္ပာယ ဖြစ်ဖွယ် အနီးကပ်ဩဝါဒညွှန်ကြားမှုများကို နာယူမှတ်သားပြီး စေတနာသဒ္ဓါတရား ထက်သန်လှစွာဖြင့် ကူညီစောင့်ရှောက်ပေးကြသော ဆရာတော် ဦးဣန္ဒက၊ ဆရာတော် ဦးသုဒဿနတို့ နှင့်တကွ ညီအစ်ကို မောင်နှမတစ်စု တက်ညီလက်ညီ အကူအညီများကြောင့် ကျောင်းတိုက်နှင့် အနီးဆုံးဖြစ်သော ဗဟန်းမြို့နယ် SSC (ရွှေဂုံတိုင်ဆေးရုံ) သို့ အမြန်ဆုံးသွားရောက်ပြသခဲ့ရပါ သည်။
ဆေးရုံရောက်၍ ဆရာဝန်ကြီးများ၏ စမ်းသပ်စစ်ဆေးမှုကို ခံယူပြီးနောက် ထွက်ပေါ်လာသော စကားသံကမူ ရင်ထဲ သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ် ချောက်ချားစရာ ဖြစ်လာခဲ့သည်။ မိမိ ဘဝတွင် တစ်ကြိမ်တစ်ခါမျှ နားမထောင် ဖူးသေးသော၊ တွေးတောင် မတွေးထားဖူး သော စကားတစ်ခွန်း... “မနက်ဖြန် မဖြစ်မနေ ခွဲစိတ်ရမယ်၊ အူအတက်ရောင် နေလို့ပါ” ဆိုသည့် ဆရာဝန်ကြီးများ၏ စကားသံပင်တည်း။ ထိုခဏ၌ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာ သည်။ ကိုယ့်ကျန်းမာရေးကို အထင်ကြီးနေခဲ့မိခြင်း၊ မနက်ဖြန်ဆိုသည့် အချိန်ကာလအတွင်း ခွဲစိတ်ခန်းထဲသို့ ဝင်ရတော့မည့် အဖြစ်အပျက်နှင့် အသက်ရှင် ခြင်း၏တန်ဖိုးတို့ကို မျက်စိတစ်မှိတ် အတွင်းမှာပင် အထင်အရှားမြင်ယောင် လာခဲ့ရတော့သည်။
ဆရာဝန်များ၏ အရေးပေါ်ခွဲစိတ်ရမည့် သတင်းစကားကို ကြားလိုက်ရချိန်တွင် မြတ်စွာဘုရားရှင်ဟောကြား တော်မူခဲ့သော တရားတော်များက ရင်ထဲသို့ အလိုလိုထင်ဟပ်လာသည်။ ဗုဒ္ဓဘုရားရှင်က လူ့ဘဝ၏ သဘောတရား ကို ဟောကြားရာတွင် “အနိစ္စလက္ခဏာ” (မမြဲခြင်းတရား) ကို အဓိကထား ဆုံးမခဲ့သည်။ လူ့ဘဝဆိုသည်မှာ ဤလောကကြီးသို့ ခဏတာမျှ လာရောက်နေထိုင်ကြ ရသော ခရီးသည်များသာ ဖြစ်ကြသည်။ ဘဝဆိုသည်မှာ ပူဖောင်းတစ်လုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲပျက်စီးသွားနိုင်ပြီး နံနက်ခင်းတွင် ကျန်းမာရွှင်လန်းနေသူလည်း ညနေတွင် ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရနိုင်တတ်သည်ပင် ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ မဟာသစ္စာ တရားတော်အရ —
“အပ္ပံ ဝတ ဇီဝိတံ ဣဒံ၊ ဟီယတေ စေတံ မစ္စုနော။
အပ္ပတ္တေဝ ဟိ ဇီဝိတဿ၊ ဥဘော အန္တာ ပဝတ္တိနော။”
(လူတို့၏အသက်သည် အလွန် တိုတောင်း၏၊ သေမင်း၏လက်သို့ အမြဲ တမ်း နီးကပ်လျက်ရှိ၏။) ဟူ၍ သတိပေး ဆုံးမခဲ့ပေသည်။ အသက်အရွယ်ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကြီးပွားသည်ဖြစ်စေ၊ ကျဆင်းသည်ဖြစ်စေ လူတိုင်းသည် ဗုဒ္ဓဘုရားဟောကြားသည့်အတိုင်း ဇာတိ (ပဋိသန္ဓေနေရခြင်း)၊ ဇရာ (အိုရခြင်း)၊ ဗျာဓိ(နာရခြင်း)၊ မရဏ (သေရခြင်း) ဆိုသည့် ဘေးဒဏ်ကြီး လေးပါးကို မလွဲမသွေရင်ဆိုင်ကြရမည်သာဖြစ်သည်။ ယခု မိမိကြုံတွေ့ရသော အူအတက်ရောင် ရောဂါဆိုးသည်လည်း ထိုသဘာဝတရားကြီး၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ်ပေတော့သည်။
ခန္ဓာကိုယ်က ရုတ်တရက် အချက်ပြနာကျင်လာခြင်းနှင့် ခွဲစိတ်ရမည့် အရေးတို့က ဘဝအပေါ် အမြင်များကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ “ငါတို့သည် နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့် နီးကပ်နေပါတကား” ဟူသော သတိတရားသည် ရင်ထဲတွင် တရိပ်ရိပ်တက်လာသည်။ လောကကြီးတွင် အချည်းနှီး ဖြစ်နေသော အပြိုင်အဆိုင်များ၊ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ရုန်းကန်နေရခြင်းများထက် အသက်ရှင်နေထိုင်ရသည့် ကာလအတွင်း အများအကျိုးကို တတ်နိုင် သမျှ သယ်ပိုးရန်၊ ကိုယ်ကျင့်တရားနှင့်အညီ ကောင်းစွာနေထိုင်ကျင့်ကြံ ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ဤဝေဒနာက ဆုံးမသင်ကြားပေးလိုက်ပေသည်။
ကုသိုလ်ကောင်းမှုများကို တတ်စွမ်းသမျှ ပြုလုပ်
မြတ်စွာဘုရားရှင်က သတိတရားနှင့် ပတ်သက်၍ “အပ္ပမာဒေန သမ္ပာဒေထ” (မမေ့မလျော့ သတိတရားဖြင့် ပြီးစီးအောင် လုပ်ဆောင်ကြလော့) ဟု မိန့်ကြားတော်မူခဲ့ပါသည်။ သတိတရားဆိုသည်မှာ ကုသိုလ်တရားဟူသမျှ၏ အခြေခံမူလလည်း ဖြစ်ပေသည်။ လူ့ဘဝဆိုသည်မှာ မသေချာမရေရာမှုများ အပြည့်အဝရှိနေသဖြင့် အသက်ရှင်ခွင့်ရနေဆဲ အချိန် ကာလလေးအတွင်း သူတစ်ပါးကို ဒုက္ခ မပေးဘဲ ကိုယ်ကျင့်တရား ကောင်းမွန်စွာ ကုသိုလ်ကောင်းမှုများကို တတ်စွမ်းသမျှ ပြုလုပ်သွားရန် လိုအပ်ကြောင်းကို ဤရင်ဘတ်ထဲမှ နာကျင်မှုက နက်နက်ရှိုင်းရှိုင်း သင်ခန်းစာပေးလိုက်ခြင်းပင်တည်း။
အချုပ်အနေဖြင့်ဆိုရသော် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ကြုံခဲ့ရသော ထိုမမျှော်လင့်သည့် ဝေဒနာ နှင့် ခွဲစိတ်ရမည့်အရေးသည် ပြင်ပမှ ကြည့်လျှင် ရက်စက်ခက်ထန်လှသော လောကဓံ၏ ဖိနှိပ်မှုတစ်ခုဟု ထင်ရပေမည်။ သို့သော် အတွင်းသဘောအားဖြင့် စဉ်းစားဆင်ခြင်ကြည့်လိုက်သောအခါ ထိုလောကဓံတရားသည်ပင် မိမိအား ပေါ့ဆနေမှုများမှ ဆွဲထုတ်ပေးလိုက်သော၊ မာန်မာနများကို ချိုးနှိမ်ပေးလိုက်သော၊ တရားဓမ္မနှင့် မိတ်ဆွေဖွဲ့စေရန် နှိုးဆော်ပေးလိုက်သော ကျေးဇူးရှင်ကြီး တစ်ပါးကဲ့သို့ ဖြစ်နေပေတော့သည်။
ရင်ထဲကလာသည့် ဤသတိပေး နှိုးဆော်သံကြောင့်သာ မဟုတ်လျှင် လူ့ဘဝ၏ အနှစ်သာရကိုမသိဘဲ လောကအပေါ် အကုသိုလ်အများစုများဖြင့်သာ အချိန်ကုန်သွားခဲ့ပေမည်။ ထို့ကြောင့် ရင်ထဲကလာသည့် သတိပေးသံကိုလည်းကောင်း၊ မည်သည့်အချိန်တွင် မည်သို့ ပြောင်းလဲသွားမည်မှန်း မသိသော ရက်စက်လွန်းသည့် လောကဓံကို လည်းကောင်း နောင်တရနေမည့်အစား အမှန်တရားကို မြင်ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးပင် တင်ရှိရပေ မည်။
တရားနှင့်အညီ အကောင်းဆုံးနေထိုင်
ထို့ပြင် မိမိခွဲစိတ်အပြီး ငယ်ဆရာတော်ဖြစ်သော ဆရာတော် ဦးကေသရ သည် ဆေးရုံအထိ ကြွလာပြီး ဝေဒနာရှင် မိမိအား မေတ္တာရှေ့ထား မေးမြန်းအားပေးခဲ့သည့်အပြင် ဆရာတော် ဟောကြားတော်မူသော တရားဓမ္မများက ရင်ထဲသို့အေးမြစွာ စီးဝင်သွားပါ သည်။ ကြောက်ရွံ့တုန်လှုပ်နေသောစိတ်ကို ငြိမ်းအေးစေပြီး သံဝေဂတရားများကို ထက်သန်စွာရရှိစေခဲ့သည်။ နောင်လာမည့် အသက်ရှင်ခွင့်ရမည့် ရက်စွဲများတွင် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမတရားတော် များနှင့်အညီ သတိတရားလက်ကိုင်ထားလျက် ကိုယ်ကျင့်တရား ကောင်းမွန်စွာ အများအကျိုးကိုသယ်ပိုးကာ တရားနှင့်အညီ အကောင်းဆုံးနေထိုင်သွားမည်ဟု ခိုင်မာသော အဓိဋ္ဌာန်ပြုလိုက်မိပါသည်။ ။


