ရန်ကုန် အောက်တိုဘာ ၂၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ် ၅ ကို အောက်တိုဘာ ၂၄၊ ၂၅ ရက် (စနေ၊ တနင်္ဂနွေ)နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ဒဂုံစတားယူနိုက်တက်အသင်းသည် သစ္စာအားမာန်အသင်းနှင့် တွေ့ဆုံနေသည်။
ယခုတစ်ပတ် ပွဲစဉ် ၅ တွင်လည်း AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲယှဉ်ပြိုင်နေရသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့၏ ပွဲစဉ်များရွှေ့ဆိုင်းထားသဖြင့် လေးပွဲသာ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ် ၅ အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်း၊ ပုသိမ်ကျောက်တိုင် ကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံ အသင်း၊ အောက်တိုဘာ ၂၅ ရက်တွင် သန်လျင် သီဟဒီပကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ စတားစီးတီးကွင်း၌ Chinland အသင်းနှင့် မြဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဟံသာဝတီယူနိုက်တက်-ရန်ကုန်ယူနိုက်တက်၊ အား/ကာသိပ္ပံ-ရှမ်းယူနိုက်တက်ပွဲစဉ်တို့ကို ရွှေ့ဆိုင်းထားသည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဒဂုံစတားယူနိုက် တက်အသင်းသည် ကစားပုံမာကျောသည့် သစ္စာအားမာန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ပွဲစဉ် (၄) တွင် မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့သည့် ရတနာပုံအသင်းသည် ဧရာဝတီအသင်းနှင့် အဝေးကွင်း ထပ်မံကစားရ မည်ဖြစ်သည်။ အမှတ်ပေးဇယား ဒုတိယနေရာအထိ တက်လှမ်းလာသည့် တန်းတက် ရန်ကုန်စီးတီးအသင်းသည် စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဒဂုံစတားအသင်းကို ဖိအားပေးနိုင်ရန် ဆက်လက် ကြိုးပမ်းရမည်ဖြစ်သည်။ တန်းတက်နှစ်သင်း တွေ့ဆုံသည့် Chinland အသင်းနှင့် မြဝတီအသင်း ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။
ပွဲစဉ် (၄) အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၁၀ မှတ်၊ ရန်ကုန်စီးတီးအသင်းက ရှစ်မှတ်၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံ အသင်းက ခုနစ်မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ သစ္စာ အားမာန်အသင်းက ငါးမှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်း၊ အား/ကာ သိပ္ပံအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့က လေးမှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်၊ Chinland အသင်းနှင့် မြဝတီ အသင်းတို့က တစ်မှတ်စီရရှိထားသည်။ ပွဲစဉ် (၄)တွင်လည်း AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့သဖြင့် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နှင့် မြဝတီအသင်းတို့မှာ သုံးပွဲစီသာ ကစားရသေးပြီး ကျန်အသင်းများမှာ လေးပွဲစီကစားထားပြီးဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MLeague


