၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

 

လက်ဝှေ့အားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/ အမျိုးသမီး ဝိတ်တန်းအလိုက် ဗိုလ်လုပွဲပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစား ဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

 

ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၄၈၊ ၅၄၊ ၆၀၊ ၆၃.၅၊ ၈၀)ကီလိုတန်း ပြိုင်ပွဲများနှင့် အမျိုးသမီး(၄၈၊ ၅၀၊ ၆၃) ကီလိုတန်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

 

အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် ၄၈ ကီလို တန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ခန့်ဖြိုးကျော်(အပြာ)က တနင်္သာရီတိုင်းဒေသကြီး အသင်းမှ လင်းထက်စံ(အနီ)ကို လည်း ကောင်း၊ ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အသင်းမှ ထွန်းထက်ခိုင်(အနီ)က ဧရာဝတီ တိုင်းဒေသကြီး အသင်းမှ ဖြိုးကျော်ကျော်(အပြာ)ကို လည်း ကောင်း၊ ၆၀ ကီလိုတန်းပြိုင်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ သီဟအောင်(အပြာ)က မကွေး တိုင်းဒေသကြီးအသင်းမှ ကျော်သူရ (အနီ)ကိုလည်းကောင်း၊ ၆၃.၅ ကီလိုတန်းပြိုင်ပွဲတွင် ကရင် ပြည်နယ်အသင်းမှ အေးကိုဇင် (အနီ)က ရန်ကုန်တိုင်းဒေသကြီး အသင်းမှ လုံဂျုံရိန်ကြွယ်နော် (အပြာ)ကိုလည်းကောင်း၊ ၈၀ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ကောင်းထက်ဇော် (အနီ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကောင်းမြတ်သူ (အပြာ)ကိုလည်း ကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 

အလားတူ အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် ၄၈ ကီလို တန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ အိမ့်မြတ်သော်(အပြာ)က တနင်္သာရီတိုင်းဒေသကြီး အသင်းမှ ဖူးပွင့်မြတ်(အနီ)ကိုလည်း ကောင်း၊ ၅၀ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ သန္တာ(အပြာ)က မန္တလေးတိုင်းဒေသကြီး အသင်းမှ လဝန်းနွယ်(အနီ)ကို လည်းကောင်း၊ ၆၃ ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ဇင်မာဝေ(အပြာ)က ကရင်ပြည်နယ်အသင်းမှ နန်းခင်မာဦး (အနီ)ကိုလည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိသူများ၊ အမျိုးသား အကောင်းဆုံး အားကစားသမား ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းမှ ထက်မြတ်လွင်၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ဇင်မာဝေ၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိ သည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် စုပေါင်းတံခွန်စိုက်ဆု ဖလားရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို အခမ်းအနားသို့ တက်ရောက်လာကြသည့် အကြီး အကဲပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုကြေးငွေများ၊ အကောင်းဆုံး အားကစားသမားဆု (Trophy)နှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်သည်။

 

 “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” ကို အောက်တိုဘာ ၁၆ ရက်မှ ၂၃ ရက်အထိ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ် မိုးလုံလေလုံ အားကစားရုံ၌ ပြိုင်ပွဲကာလ ရှစ်ရက်ကြာ ကျင်းပ ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၄ သင်း၊ အမျိုးသမီး အသင်း ၁၄ သင်း စုစုပေါင်း အင်အား ၂၂၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်