နေပြည်တော် အောက်တိုဘာ ၂၃
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း (ဆိုလာစနစ်)အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းလျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၉၀ တက်ရောက်ခဲ့ပြီး သင်တန်းကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဘာသာရပ် ၁၁ ခုကို ရက်သတ္တလေးပတ်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေရောင်ခြည်သုံး ဆိုလာစနစ် နှင့်ပတ်သက်၍ ဒီဇိုင်းမှန်ကန်စွာ တွက်ချက်ခြင်း၊ ဆိုလာစနစ်တပ်ဆင်သွယ်တန်းခြင်းနှင့် အသုံးပြုခြင်း များတွင် အခြေခံသိရှိရမည့်အချက်များ၊ ဆိုလာစနစ် အတွက် စံချိန်စံညွှန်း၊ နည်းပညာ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားချက်များကို သိရှိ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဆိုလာစနစ်တပ်ဆင် အသုံးပြုမှုများတွင် မတော်တဆဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ လျော့နည်းပပျောက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားဆရာကြီးများနှင့် ညွှန်ကြားရေးမှူးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူသုံးဦးအား ဆုချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင် ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့အား ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် သံ၊ သံမဏိများ ထုတ်လုပ်ရေး၊ ဘိလပ်မြေများ ထုတ်လုပ်ရေးနှင့် တင်သွင်းရေး၊ ကြွေပြားများ၊ ရေအိမ်သုံးပစ္စည်းများ ထုတ်လုပ်ရေး၊ ရော်ဘာနှင့် ဆက်စပ်သည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ချည်မျှင်နှင့်အထည်၊ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


