နေပြည်တော် အောက်တိုဘာ ၂၃
နေပြည်တော်ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှု လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ ကန်တော်မင်္ဂလာခန်းမ၌ ပြုလုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဦးစီးကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒေသတွင်းဈေးကွက်တည်ငြိမ်ရေး၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူရေးဇုန်များ သတ်မှတ်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် ကဏ္ဍအလိုက် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာခရိုင်သို့ လာရောက်ရခြင်းမှာ နေပြည်တော်ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် တောင်ငူခရိုင်တို့ကို အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုကို ကြည့်ရှုစစ်ဆေးရန် လာရောက်ခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ မိတ္ထီလာခရိုင်သည် လမ်းဆုံဗဟိုချက်ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း၊ မြို့ပြအင်္ဂါရပ်နှင့်အညီ (Green City) စိမ်းလန်းစိုပြည်သော မြို့တော်ဖြစ်စေရေးအတွက် မြို့ပြဧရိယာအတွင်း အများပြည်သူများ အနားယူရန် ပန်းခြံများ၊ လမ်းဘေးဝဲယာ အစိမ်းရောင်ဇုန်များနှင့် သစ်တောစိမ်းလန်းစိုပြည်ရေးကို တိုးမြှင့်လုပ်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး စွမ်းအင်စနစ်စိစစ်ရန်၊ ရေအရင်းအမြစ်များ မပျက်စီးစေရန်နှင့် စွန့်ပစ်ရေများကို စနစ်တကျ ပြန်လည်သန့်စင်အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စုရှိ ဦးမြင့်နိုင်၏ အသားတိုးကြက် ၆၉၀၀၀ မွေးမြူထားသော ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အသားတိုးကြက်များအား အလုံပိတ်အအေးခန်းစနစ်များဖြင့် စနစ်တကျ မွေးမြူထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးခြံအတွင်း သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ထားရှိရန်၊ အပူချိန်ထိန်းချုပ်မှုစနစ်များ၊ ဆိုလာစနစ်များ၊ အအေးပေးစနစ်များ စဉ်ဆက်မပြတ် ကောင်းမွန်စေရေး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ရွှေတောင်ကျေးရွာရှိ မြေပဲပန်းတိုင် အထွက်နှုန်းရရှိရေး ဧက(၂၀) စံပြစိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာ စိုက်ပျိုးကြရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေး မျိုးစေ့အလိုက် သုတေသနပြုလုပ်စိုက်ပျိုး၍ တောင်သူများအား နည်းပညာနှင့် မျိုးစေ့များအား ဆက်လက်ဖြန့်ဝေပေးရန် မှာကြားကာ ဒေသခံတောင်သူများအား တွေ့ဆုံ၍ လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဘုရားဖြူကျေးရွာရှိ ဆိုလာရေတင်စနစ်လုပ်ငန်းသို့ သွားရောက်၍ အကျိုးပြုဧက ၄၅၀ အတွက် ဆိုလာရေတင်စီမံကိန်းဆောင်ရွက်နေမှု၊ ရေတင်စီမံကိန်းဆောင်ရွက်ပြီးစီးပါက တိုးတက်စိုက်ပျိုးလာနိုင်မည့် သီးနှံအခြေအနေများ၊ မိတ္ထီလာဒေသ၊ ဝမ်းတွင်းမြို့နယ်အတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်လျာထားသည့် ရေတင်စီမံကိန်းအခြေအနေများ တင်ပြမှုအပေါ် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝမ်းတွင်း(၁)ရပ်ကွက်ရှိ ဖိုးပြုံးချို အထည်ချုပ်လုပ်ငန်းသို့ သွားရောက်၍ စက်ယန္တရားများဖြင့် ချည်ထည်ရက်လုပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ချည်ထည်များအား ဖြန့်ဖြူးရောင်းချရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မိတ္ထီလာစက်မှုဇုန်ရှိ ရွှေပြည်စိုးဆီစက်သို့ သွားရောက်၍ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းတို့အား စားသုံးဆီအဖြစ် စက်ယန္တရားများဖြင့် ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် တောမကျေးရွာရှိ ဦးခင်မောင်ဝင်း၏ နို့စားနွားမွေးမြူရေးခြံ၊ ရွှေပန်းတိုင် ဧက(၂၀၀)မွေးမြူရေးဇုန်၊ ဆူးဖြူကွက်ကျေးရွာရှိ ဦးမျိုးသန့်နိုင်၏ ဆိတ်မွေးမြူရေးခြံနှင့် ဒေါ်ဝင်းသီတာထွန်း၏ ဆိတ်မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဧက(၂၀၀) မွေးမြူရေးဇုန်အား သတ်မှတ်လျာထားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မွေးမြူရေးဇုန်အတွင်း ကုန်ထုတ်လမ်းများ စနစ်တကျ ဖောက်လုပ်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


