နေပြည်တော် အောက်တိုဘာ ၂၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကမ်းထိန်းတမံ/နံရံများ ဆောင်ရွက်ပေးနိုင်ရေး၊ ကုန်သွယ်ခွန်များ ကောက်ခံနေမှုသိလိုခြင်း၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ရန်ပုံငွေပိုများ ချထားပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအောင်မြသန်း၏ ညောင်တုန်းမြို့၏ ကမ်းနားလမ်းတစ်လျှောက် ကမ်းထိန်းတမံ/နံရံများအား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ညောင်တုန်းမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ကမ်းနားလမ်း မြေသားမြို့ပတ်တာသာရှိပြီး ပန်းတာများကို မြို့အခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် မြို့ပတ်တာရေတိုက်စားမှု၊ ကမ်းပြိုကျမှုမရှိစေရေးအတွက် ဦးစားပေးအလိုက် ဘိုးပိုင်အခြေပြု ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ရရှိသည့် ရန်ပုံငွေများဖြင့် အလျားစုစုပေါင်း ၃၇၉၅ ပေကို အခိုင်အမာ ကာကွယ်ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ညောင်တုန်းမြို့ လမ်း(၄၀)အနီး ရေလမ်းအသုံးပြုခ အကောက်စခန်းအနီးတွင် ဘိုးပိုင်အခြေပြုကမ်းထိန်းတမံ အလျားပေ ၂၅၀ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် စုစုပေါင်း ၄၀၄၅ ပေ ဆောင်ရွက်ပေးထားနိုင်မည်ဖြစ်ရာ ကျန်ရှိသည့် အလျားမှာ ၂၂၀၅ ပေဖြစ်ပါကြောင်း။
ညောင်တုန်းမြို့အဝင် ရေလမ်းကြောင်းပြောင်းလဲလာသည့် လက်ရှိအခြေအနေများအရ ပန်းလှိုင်မြစ်ဝ ရေလယ်ခေါင်တွင် သဲသောင်ပြင်ကြီးမားလာမှုကြောင့် ရန်ကင်းစံရာအနောက်ဘက် ကျွန်းနှင့် တိုးချဲ့ ၄ ရပ်ကွက်နေရာရှိ မြစ်ကမ်းပါးများ မြစ်ရေတိုက်စား ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ အဆိုပါ နေရာများတွင် မိုးရာသီအရေးပေါ်ကာကွယ်ရေးအနေဖြင့် Geotextile ကမ်းထိန်းတမံ အလျားပေ ၁၀၀၀ နှင့် သံမဏိကြိုးဆိုင်းရေကာ ၆ ချောင်းတို့ ဆောင်ရွက်ပေးထားသဖြင့် ရေတိုက်စားကမ်းပြိုမှုမှ အထိုက်အလျောက် ကာကွယ်ပေးထားနိုင်ခဲ့ပါကြောင်း၊ ညောင်တုန်းမြို့အဝင် ရေလမ်းကြောင်းအား တည်ငြိမ်သော ရေလမ်းကြောင်း ဖြစ်ပေါ်စေရေး သဲအိတ်ခံ ကျောက်စီရေကာများဖြင့် ထိန်းသိမ်းပြုပြင်ခြင်းကိုလည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရေနည်းကာလတို့တွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ညောင်တုန်းမြို့ရှေ့တွင် ကမ်းထိန်းတမံ အလျား ပေ ၂၅၀ နှင့် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်အစတွင် ညောင်တုန်းမြို့ဘက် ရေစီးကြောင်းကပ်၍စီးခြင်းမှ သက်သာစေရန် ရေလွှဲရေကာလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ညောင်တုန်းမြို့အဝင် ရေလမ်းကြောင်းအား တည်ငြိမ်သော ရေလမ်းကြောင်းဖြစ်စေရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကျန်ရှိသည့်အပိုင်းအား နှစ်အလိုက် ဘဏ္ဍာငွေလျာထား၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကသာမဲဆန္ဒနယ်မှ ဦးတင်ဌေး၏ အခြားအခွန်များအပြင် ကုန်သွယ်လုပ်ငန်းခွန်များကို မည်ကဲ့သို့ ကောက်ခံလျက်ရှိကြောင်း သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနသည် နိုင်ငံတော်က ချမှတ်ထားသည့် ရသင့်ရထိုက်သောအခွန်များ ပြည့်ဝစွာကောက်ခံရာတွင် “ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့် အခွန်များကို ပြည့်ဝစွာကောက်ခံရရှိရေး” မူဝါဒကို လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိသည့်အတွက် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားကို လက်ရှိအချိန်ထိ တိုးမြှင့်ခြင်းမပြုဘဲ အခွန်လွတ်ကင်းမှုရှိနိုင်သည့် နယ်ပယ်များကိုဖော်ထုတ်၍ အခွန်အခြေချဲ့ထွင်ခြင်း၊ အခွန်အခြေချဲ့ထွင်ရာတွင်လည်း အခွန်ထမ်းအမျိုးအစားအလိုက် အခွန်အခြေချဲ့ထွင်ခြင်းနှင့် လုပ်ငန်းအမျိုးအစားအလိုက် အခွန်အခြေချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်၍ အခွန်ရငွေ တိုးတက်စေရေးကိုသာ ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ပြည့်ဝစွာရရှိနိုင်ရေးအတွက် ရရှိသောအရင်းအမြစ်များကို အသုံးပြု၍ ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် အခြားသောအခွန်များရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်စည်းကြပ်ကောက်ခံမှုများကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် ခြောက်ထပ်ကွေ့ တောင်လမ်းမကြီးမှ ဝမ်ကောင်းကျေးရွာသို့ ဆက်သွယ်သော အားခေဝမ်ကောင်းမြေသားလမ်းအား အဆင့်တိုးမြှင့်ခင်းပေးခြင်းကို မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အားခေဝမ်ကောင်းလမ်းသည် မိုင်းခတ်မြို့နယ် မိုင်းကာ(အရှေ့)အုပ်စု ခြောက်ထပ်ကွေ့လမ်းမကြီးမှ ဝမ်ကောင်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး မြေပြင်စိစစ်ချက်အရ မိုင်းခတ်- မိုင်းယန်းလမ်းမကြီး ခြောက်ထပ်ကွေ့မှ ဝမ်ကောင်းမိုင် - ဝမ်ကောင်း - ဝမ်ကန် - အားခေ ဝမ်ကောင်းကျေးရွာများသို့ ဆက်သွယ်ထားပြီး ၄ မိုင် ၄ ဖာလုံရှိရာ ထိုလမ်းကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၌ မြေလမ်း ၄ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း၊ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၌ မြေလမ်း ၄ မိုင် ၄ ဖာလုံ တာချဲ့ခြင်း၊ ပေ ၅၀၀ ကျောက်စီရေမြောင်းနှင့် ၅ ပေ Box Culvert ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အတက်အဆင်းမတ်စောက်သည့် ၁ မိုင် ၄ ဖာလုံ အားကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ လွိုင်ကော်မြို့နယ် သာယုရွာမှ နန်းနောက်ရွာအထိ၊ နန်းနောက်ရွာမှ ခုတ်လောရွာအထိနှင့် နန်းနောက်ရွာမှ ရှမ်းပြည်နယ် နယ်စပ်အထိ မြေသားလမ်းများအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်များတွင်ရှိသည့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် နယ်မြေလုံခြုံရေးအပေါ် မူတည်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာအုပ်စု ဝမ်ကုန်း-သာယု-နန်းနောက် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၀ ပေ တံတား ၁ စင်းနှင့် ၁၂ ပေ တံတား ၁ စင်းတို့ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၃၅ ပေ တံတား ၁ စင်း တို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပိန်းချစ်ကျေးရွာအုပ်စု၊ ဝမ်ကုန်း - သာယုကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ကျောက်လမ်း ၇ မိုင် ၄ ဖာလုံ နှင့် Box Culvert ၈ စင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ပိန်းချစ်ကျေးရွာအုပ်စု သာယုရွာမှ နန်းနောက်ရွာအထိ၊ နန်းနောက်ရွာမှ ခုတ်လောရွာအထိနှင့် နန်းနောက်ရွာမှ ရှမ်းပြည်နယ်နယ်စပ်အထိ မြေသားလမ်းများကို လတ်တလောလုံခြုံရေးကန့်သတ်မှုအရ ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိသဖြင့် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နယ်မြေလုံခြုံရေး ကောင်းမွန်လာချိန်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေတွင် အဆိုပြု လျာထားပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ တောင်တွင်း- မြို့သစ် ကားလမ်းမနှင့်ဆက်သွယ်ထားသည့် ကံကြီးကျေးရွာ ဘုရား(ဆူ)အနီး ကားလမ်းမှ ထနောင်းကွင်း ကျေးရွာထိလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က တောင်တွင်း - မြို့သစ် ကားလမ်းမနှင့် ဆက်သွယ်ထားသည့် ကံကြီးကျေးရွာ ဘုရား(ဆူ)အနီး ကားလမ်းမှ ထနောင်းကွင်းကျေးရွာအထိ လမ်းသည် တောင်တွင်းကြီး - မြို့သစ်လမ်းမကြီးမှ ထနောင်းကွင်းကျေးရွာအထိ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းအရှည် ၉ မိုင် ၃ ဖာလုံရှိသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကျောက်လမ်း ၇ မိုင်နှင့် အမာခံလမ်း ၂ မိုင် ၃ ဖာလုံ စုစုပေါင်း ၉ မိုင် ၃ ဖာလုံ ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် အမာခံလမ်းပိုင်းအရှည် ၁ မိုင်အား ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသော အမာခံလမ်းအားလုံး ကျောက်လမ်းခင်းခြင်း ဆောင်ရွက်ပြီးပါက ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် နှစ်အလိုက် ဆက်လက်လျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သန်း၏ ကျောက်ဆည် - တံစိုး - ကျောက်ဆောက်ကုန်းလမ်းပိုင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျောက်ဆည် - တံစိုး - ကျောက်ဆောက်ကုန်းလမ်းပိုင်းသည် မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျောက်ဆည်မြို့ကို ဆက်သွယ်ထားသော လမ်းအရှည် ၉ မိုင် ၄ ဖာလုံရှိသည့် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း ၉ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ စမုံတံတားအရှည်ပေ ၂၅၀ အပေါ် ကတ္တရာခင်းခြင်း၊ တံတားချဉ်းကပ်လမ်း အဝင်၊ အထွက်အရှည် ပေ ၃၀၀ ကတ္တရာခင်းခြင်း၊ (၅ ပေ x ၂၄ ပေ) ကျောက်ကြီးစီ Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေတွင် လမ်းအရှည် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍ ကျန်လမ်းပိုင်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို နှစ်အလိုက် ဆက်လက် လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၏ ငပုတောမြို့နယ် ဆောက်လုပ်ရေး လမ်း/တံတားများအတွက် ရန်ပုံငွေများအား ပိုမိုခွဲဝေချထားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ငပုတောမြို့နယ်အတွင်း၌ ငပုတောမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငရုတ်ကောင်းမြို့တို့ပါဝင်ပြီး လမ်းမိုင် စုစုပေါင်း ၂၅၆ မိုင် ၃ ဖာလုံတွင် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော လမ်း ၂ လမ်း၊ လမ်းမိုင် ၄၁ မိုင် ၅ ဖာလုံ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း ၁၄ လမ်းသည် လမ်းမိုင် ၂၁၄ မိုင် ၆ ဖာလုံဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငပုတောမြို့နယ်အတွက် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၀၆ သန်းနှင့် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂၅၄၆ သန်း၊ စုစုပေါင်း ကျပ် ၄၈၅၂ သန်းအား ခွဲဝေပေးထားပြီး လမ်း/တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ်အရ မြို့နယ်များ၏ လိုအပ်ချက်များအပေါ် မူတည်ပြီး ဘဏ္ဍာငွေ ခွဲဝေဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းက “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လည်ပတ်နိုင်စေရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို”ကို တင်သွင်းရာ ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့်က ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းအဖွဲ့


