ဘားအံမြို့၌ စိုက်ပျိုးရေးကို အခြေခံသော ခရီးစဉ်တစ်ခုအဖြစ် Kawt Ma Yan Resort ကို မကြာမီဖွင့်လှစ်မည်

ဘားအံ အောက်တိုဘာ ၂၃

 

ကရင်ပြည်နယ် ဘားအံမြို့၌ စိုက်ပျိုးရေးကိုအခြေခံသော ခရီးစဉ် တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော Kawt Ma Yan Resort သည် ယခုအခါ ၉၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ပြီး မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

Kawt Ma Yan Resort သည် ဘားအံမြို့နယ် တော်ပုံကျေးရွာအုပ်စု ကော့မရမ်းကျေးရွာတွင်တည်ရှိပြီး ဒေသဖွံ့ဖြိုးရေး၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရေးနှင့် စိုက်ပျိုးရေးကိုအခြေခံသော ခရီးစဉ်တစ်ခု ဖြစ်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ရာခိုင်နှုန်းပြည့် တည်ဆောက်ပြီးစီးပြီး Resort ဖွင့်လှစ်ပါက ခရီးသွားဧည့်သည်များအနေဖြင့် ကိုယ်တိုင် လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးခင်းများအကြား အပန်းဖြေအနားယူခြင်းတို့ ဆောင်ရွက်နိုင်မည့်အပြင် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Kawt Ma Yan Resort တည်ဆောက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)