မင့်စ် အောက်တိုဘာ ၂၃
ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် မြန်မာသံရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်ရန် သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသူများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ သံခင်းတမန်ခင်း နည်းပရိယာယ် ကြွယ်ဝမှုများက မိမိတို့နိုင်ငံအကျိုးစီးပွားကို ပိုမိုဖော်ဆောင်ရန်များစွာ အထောက်အကူပြုပါကြောင်း၊ ထို့ကြောင့် သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်၍ မိမိတို့နိုင်ငံတော် အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ သံရုံးမိသားစုများအနေဖြင့် စည်းလုံးစွာ နေထိုင်ပြီး လိုအပ်သည်များ ရှိလာပါက တစ်ဦးပေါ်တစ်ဦး ကူညီကြရန် လိုအပ်ကြောင်း။
ဘယ်လာရုစ်နိုင်ငံ၏ ပညာသင်ကြားရေးသည် ကမ္ဘာ့အဆင့်မီပညာရေးစနစ်တစ်ခု ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသားများ လာရောက်ပညာဆည်းပူးလျက် ရှိကြကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင် ပညာသင်ကြားနေသည့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားနေသည့် ဘာသာရပ်များကို မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ သေချာလေ့လာသင်ယူကြစေလိုကြောင်း။
သင်တန်းသားများသည် မိမိတို့၏ မိသားစုများနှင့် ခွဲခွာနေထိုင်နေပြီး လာရောက်ပညာသင်ကြားနေခြင်း ဖြစ်သည့်အတွက် အချင်းချင်းကူညီရိုင်းပင်းပြီး မိသားစုကဲ့သို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြစေလိုကြောင်း၊ ပညာသင်ကြားနေထိုင်စဉ် ကာလအတွင်း ဘယ်လာရုစ်နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဘယ်လာရုစ်လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။
သတင်းစဉ်


