တောင်သူများကြိုးပမ်းအားထုတ်မှုဂုဏ်ပြု (ကြေးမုံ)

တောင်သူနှင့်ပြည်သူအကျိုးကျေးဇူးခံစား

 

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခဲ့ပြီး စပါးမျိုးရိုးဗီဇအရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ငစိန်၊ ပေါ်ဆန်း၊ ငကျွဲ စသည့် စားသုံးထုတ်ကုန် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးကွဲမျိုးစုံကို ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သည့် သဘာဝအမွေအနှစ်ကို တောင်သူနှင့်ပြည်သူများ ရရှိပိုင်ဆိုင်ခံစားကြရသည်။

 

ဆန်မျိုးကွဲအမျိုးမျိုးတွင် မြန်မာ့ပေါ်ဆန်းသည် အစဉ်အဆက် ထင်ရှားကျော်ကြားခဲ့သည်။ မြန်မာ့ပေါ်ဆန်း၏ မူရင်းဒေသသည် ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ၁၉၄၄ ခုနှစ်တွင် မြောင်းမြစိုက်ပျိုးရေးခြံ၌ မျိုးရွေးချယ်စိုက်ပျိုးမွေးမြူသည့် နည်းစနစ်ဖြင့် ပေါ်ဆန်းမွှေးမျိုးကို စတင်ပျိုးထောင်ခဲ့သည်။ ယနေ့ဆိုပါလျှင် နှစ်ပေါင်း ၈၀ ကျော်ကြာ သမိုင်းကြောင်းရှိလာခဲ့ပြီး နောက်ပိုင်းတွင် မျိုးကွဲအမျိုးမျိုး ဖြစ်ထွန်းလာခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ ဖျာပုံ၊ ပုသိမ်၊ ရေကြည်နှင့် ရွှေဘိုပေါ်ဆန်းမွှေးတို့သည် ထူးခြားသည့်အရသာနှင့် မွှေးရနံ့တို့ကြောင့် လူသိများ ထင်ရှားကျော်ကြားလာခဲ့သည်။ ယခုအခါ မြန်မာ့ပေါ်ဆန်းမွှေးသည် ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးဆန်ဆု (World’s Best Rice-2026) ကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့သည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာ ဆန်စပါးညီလာခံတွင် မြန်မာ့ပေါ်ဆန်းမွှေးသည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက်သာမက နိုင်ငံသူနိုင်ငံသားများအတွက်ပါ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် အစဉ်အဆက် ကမ္ဘာ့အဆင့်အတန်းမီ ဆန်မျိုးကောင်းဖြစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာဈေးကွက်တွင် သတင်းမှေးမှိန်ခဲ့သည်။ သို့သော် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်ဟု သတ်မှတ်ပြီး ဈေးကွက်ဝင်နိုင်ရေးအတွက် လှုံ့ဆော်ခဲ့ရာ တောင်သူများနှင့် တာဝန်ရှိသူအသီးသီး၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ် အသိအမှတ်ပြုခံရပြီး ယခုဒုတိယအကြိမ် ထပ်မံအသိအမှတ်ပြုခံရခြင်းဖြစ်သည်။

 

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆုရ မြန်မာ့ပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား ဂုဏ်ပြုပွဲနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ယခုအောင်မြင်မှု၏ အဓိကမောင်းနှင်အားသည် လယ်ကွင်းထဲ၌ ကြိုးစားစိုက်ပျိုးခဲ့ကြသည့် တောင်သူလယ်သမားကြီးများ၏ လုပ်အားနှင့် စေတနာများကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူဦးကြီးများအားလုံးကို အထူးဂုဏ်ပြုချီးကျူးလိုကြောင်း၊ ယခုရရှိခဲ့သည့်ဆုသည် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ ်ဖြစ်ရန်လိုကြောင်း၊ ထို့အတွက် အရည်အသွေးမြင့် စပါးထုတ်လုပ်နိုင်ရုံဖြင့် မလုံလောက်ကြောင်း၊ ထိုက်တန်သည့်ဈေးနှုန်းရရှိရန်၊ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်နှင့် ဈေးကွက်ကို တိုက်ရိုက်ချိတ်ဆက်နိုင်ရန်လည်း အရေးကြီးကြောင်း”ပြောကြားသည်။

 

တောင်သူလယ်သမားဦးကြီးများသည် ဆန်စပါးစိုက်ပျိုးရေးအတွက် ခက်ခဲပင်ပန်းကြီးစွာဖြင့် ရုန်းကန်လုပ်ကိုင် ဆောင်ရွက်ကြရသည်။ ထို့ကြောင့် တောင်သူအစုအဖွဲ့များ ဖွဲ့စည်းပြီး စုပေါင်းစိုက်ပျိုး၊ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချသည့် စနစ်ကို အားပေးဆောင်ရွက်သင့်သည်။ ထွက်ရှိလာမည့်စပါးများကိုလည်း ကြိုတင်ဝယ်ယူရေး စာချုပ်များမှတစ်ဆင့် ဆန်စက်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များထံ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်မည်ဆိုပါက တောင်သူများအတွက် ဈေးကွက်အာမခံချက် ပိုမိုရရှိလာမည်ဖြစ်သည်။ တောင်သူ၊ ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်နှင့် ပို့ကုန်လုပ်ငန်းရှင်များအကြား ခိုင်မာသည့် တန်ဖိုးကွင်းဆက်တစ်ခု တည်ဆောက်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာ့ပေါ်ဆန်း၏ အရည်အသွေးကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးချိန်တွင် အရည်အသွေးထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ကမ္ဘာ့ဆန်ဈေးကွက်တွင် ဂျပန်အရည်အသွေးမြင့်ဆန်၊ ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်ဆန်တို့သည် ထူးခြားသည့် ဆန်အမျိုးအစားအဖြစ် အသိအမှတ်ပြုခံရပြီး ဆန်ဈေးကွက်တန်ဖိုးကို တည်ဆောက်နိုင်ခဲ့သည်။ အလားတူ မြန်မာ့ပေါ်ဆန်းသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သည့် အမျိုးသားအဆင့် အရည်အသွေးမြင့် ထုတ်ကုန်တစ်ခု(National Brand) ဖြစ်လာစေရန် အားလုံးကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်ဟု ကြွေးကြော်ခဲ့သည့်အတိုင်း တောင်သူလယ်သမားဦးကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ မှတ်တိုင်တစ်ခုကို ပိုမိုခိုင်မာအောင် ဝိုင်းဝန်းထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။