ဖလမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ နှစ်ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် အမှုဆောင်အရာရှိအိမ်ရာ ပြုပြင်ပြီးစီး

ဖလမ်း ‌အောက်တိုဘာ ၂၂

 

ချင်းပြည်နယ် ဖလမ်းမြို့ စည်ပင်သာယာရေး အဖွဲ့၏ နှစ်ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် အမှုဆောင်အရာရှိ အိမ်ရာ ပြုပြင်ပြီးစီးမှု၊ လမ်းဦးစီးဌာနပိုင် ပစ္စည်းဂိုဒေါင် ပြုပြင်ပြီးစီးမှုနှင့် ပစ္စည်းသိုလှောင်ထားရှိမှုတို့ကို ယမန်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသောင်းနိုင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဖလမ်းမြို့နယ် ပညာရေးမှူးရုံး၌ ဖလမ်းခရိုင်နှင့် မြို့နယ်ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် အထူး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့အတူ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း၌ သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင်မှုများ၊ ရိုးရာဂျပ်ခုတ် သင်တန်း စတင်သင်ကြားပေးနေမှု၊ သင်တန်းဆောင်များ ပြုပြင် ပြီးစီးမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ယနေ့ မွန်းလွဲပိုင်းကလည်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် ဖလမ်း ခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များအား ကျန်းမာရေး စစ်ဆေးပေးနေမှု၊ ဖလမ်းခရိုင်လမ်းဦးစီးဌာန သုံးထပ်ဆောင်တွင် ဖလမ်းခရိုင်/မြို့နယ် တရားရုံး ဖွင့်လှစ်ထားမှု၊ ဖလမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အဆောက်အအုံနှင့် ဝန်ထမ်း အိမ်ရာ ပြုပြင်ပြီးစီးမှု၊ ဖလမ်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ ဖလမ်းခရိုင် စုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး အဆောက်အအုံ ပြုပြင်ပြီးစီးမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အဆောက် အအုံများ ပြုပြင်ရာတွင် ထွက်ရှိလာသည့် ဆယ်တင်ပစ္စည်းများ ပြန်လည်အသုံးပြုရန်၊ ရုံးလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)