ဖလမ်း အောက်တိုဘာ ၂၂
ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း ဖလမ်းမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများကို ယမန်နေ့မွန်းလွဲပိုင်းက ဖလမ်းမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများက ဒေသလိုအပ်ချက်များကို တင်ပြကြရာ လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဖလမ်းပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ခြောက်ခန်းတွဲ နှစ်ထပ်အိမ်ရာအား ယာယီဆေးရုံအဖြစ် ဆောင်ရွက်ရန် ပြင်ဆင်နေမှု၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး ပြုပြင်ပြီးစီးမှု၊ မီးသတ်တပ်ဖွဲ့ စခန်းအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဖလမ်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကိုလည်းကောင်း၊ ဖလမ်းခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၆၆/၁၁ ကေဗွီ(၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ အဆောက်အအုံပြုပြင်ပြီးစီးမှု၊ ခွဲရုံအခြေအနေနှင့် လျှပ်စစ်ဝန်ထမ်းနေအိမ် ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ဖလမ်းခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ ဖလမ်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး ပြုပြင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


