သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူး အောက်တိုဘာ ၂၂

 

သာယာဝတီခရိုင် အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မင်းလှ-မိုးညိုလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းပိုင်းအလိုက် တစ်ဆက် တစ်စပ်တည်း အဆင့်မြှင့်တင်နိုင်ရေး နှစ်စဉ်ဘတ်ဂျက်ရေးဆွဲတင်ပြရန် မှာကြားကာ မင်းလှ - မိုးညို လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ မကျီးကုန်း ကျေးရွာ၌ ဆီထွက်ပဲပုပ် တစ်ကွင်း တစ်ဆက်တည်း ဧက ၄၀၀၀ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ အကျိုးရှိရှိ စနစ်တကျ သုံးစွဲရန်၊ သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာသုံးစွဲရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် မိုးညို-ထိန်တော-လက်ပံတန်းလမ်းပေါ်ရှိ မိုင်တိုင် (၂၀/၃-၂၀/၅)၊ တံတားအမှတ် (၁/၂၁) ထွဋ်မြတ်ချောင်းတံတား ပေ ၉၀၀ မူလသစ်သား ကြမ်းခင်း အစား C-Channel ကြမ်းခင်း အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် မိုးညို-ထိန်တော- လက်ပံတန်း လမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ပဲပုပ်၊ ပဲတီစိမ်းနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုး အောင်မြင်နေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ထိန်တော(အထက)ကျောင်း၌ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

ကြည့်ရှုစစ်ဆေး

 

ဆက်လက်၍ လက်ပံတန်း မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု၌ ဒေသခံတောင်သူများ မိုးစပါး ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး အုန်းကုန်းကျေးရွာနှင့် စာနီစု ကျေးရွာ ကမ်းပြိုကမ်းစားမှု အခြေအနေနှင့် ကမ်းထိန်းပန်းတာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုကာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ (တာမိုင် ၈/၁ မှ တာမိုင် ၁၀/၇) အတွင်း ရေတိုက်စား ကမ်းပြိုနေမှုနှင့် ရေဘေးကာကွယ်ရေး ပန်းတာ တည်ဆောက်မည့် နေရာများသို့ စက်လှေဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေဘေးကာကွယ်ရေး တာများအပြင်၊ ဆည်/တမံများ၏ ကြံ့ခိုင်မှုများကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးရန် မှာကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)