လွိုင်ကော်မြို့၌ ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေး

လွိုင်ကော် အောက်တိုဘာ ၂၂

 

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း ဆောင်းနေကြာ စိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယား ဓာတ်မြေဩဇာများ ရောင်းချပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ် စံပြ(၄) မိုင်ကျေးရွာ၊ ပဒါးညေး၊ လင်ဖုံလေး၊ ကုန်းသာ၊ ကုန်းဆွတ်၊ ပိန်းချစ်ကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ဂေါ်ရခါးကျေးရွာနှင့် ဒေါပိုးစီ ကျေးရွာတို့မှ တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်သည်။

 

မြေဩဇာပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံဆီ ဖူလုံရေးအတွက် တောင်သူများထံ သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများကို ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို သီးနှံအမျိုးအစားအလိုက် လိုအပ်သည့် ပမာဏကို သင့်တော်မှန်ကန်စွာ အသုံးပြုရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးအတွက် လိုအပ်သည်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးကာ တောင်သူများထံ ဆောင်းနေကြာ မျိုးစေ့များ ပေးအပ်သည်။

 

ထို့ပြင် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူနေမှုနှင့် ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေကို ကြည့်ရှုအားပေးပြီး အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)