နေပြည်တော် အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိ ကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်း ရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များစနစ်တကျ အုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေ လျှော၏အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာစက် ယန္တရားများအသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေ မှ သိုလှောင်ရေလျှော့ချနိုင်ရန်တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ပိုင်းတွင်တမံရှိရေ ၃၀၀ ဒသမ ၅ ပေသာ ကျန်ရှိတော့သဖြင့် ၁၄ ဒသမ ၅ ပေခန့် ရေထုတ်လွှတ် လျှော့ချပြီးဖြစ်ကြောင်းနှင့် တမံကျိုးပေါက်မှုအန္တရာယ် စိုးရိမ်ဖွယ်မရှိတော့သဖြင့် ရေလှောင်တမံ ဆင်ခြေလျှောနိမ့်ကျမှု ဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေး စခန်းများမှ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)


