နေပြည်တော် အောက်တိုဘာ ၂၂
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ Jeng Phang နော်တောင်က တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ညောင်ပင်သာကျေးရွာ၊ ကျောက်တော (တ) ကျေးရွာ၊ မင်းပလောင်ကျေးရွာနှင့် သစ်သမီးကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်ထင်က ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီမှ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် ခွဲခြားသတ်မှတ်ထားသည့် ရှမ်းပြည်နယ် အတွင်း (က)အုပ်စုမှ လူမှုရေးသင့်တင့်သော ဒေသများတွင်ပါဝင်သည့် ၃၁ မြို့နယ်ရှိ မြို့ပေါ် ၂၇ မြို့နှင့် ကျေးရွာအုပ်စု ၂၆၂ အုပ်စု၊ (ခ) အုပ်စုမှ လူမှုရေးခက်ခဲသော ဒေသများတွင်ပါဝင်သည့် မြို့နယ် ၃၀ ရှိ မြို့ပေါ် ခုနစ်မြို့နှင့် ကျေးရွာအုပ်စု ၄၃၄ အုပ်စု၊ (ဂ) အုပ်စုမှ လူမှုရေးအခက်အခဲဆုံး ဒေသတွင် ပါဝင်သည့် ၁၅ မြို့နယ်ရှိ မြို့ပေါ် ရှစ်မြို့နှင့် ကျေးရွာအုပ်စု ၂၇၂ အုပ်စု တို့တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ရာထူးအဆင့်အလိုက်၊ လစာနှုန်းထားများအလိုက် ဒေသစရိတ်များကို ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မေ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၄/၂၀၁၉ အရ ခံစားခွင့်ပြုထားခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၄/၂၀၁၉ အရ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ခံစားခွင့်ပြုထားသည့် ရှမ်းပြည်နယ်အတွင်းရှိ အဆိုပါဒေသများတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ညောင်ပင်သာကျေးရွာ၊ ကျောက်တော(တ)ကျေးရွာ၊ မင်းပလောင်ကျေးရွာနှင့် သစ်သမီးကျေးရွာတို့ ပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့် အကျုံးမဝင်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့၏ အဓိကရေလမ်းကြောင်းဖြစ်သော ဒါးကမြစ်အတွင်း သဲသောင်ထွန်းခြင်းနှင့် နုန်းတင်ခြင်းများကြောင့် မြစ်ကြောင်းတိမ်ကောလာ၍ နှစ်စဉ်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းကို ကုစားနိုင်ရန်အတွက် ဒါးကမြစ်ကြောင်း တူးဖော်ရေးလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ဒါးကမြစ်အတွင်း နှစ်စဉ်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းသည် မြစ်အားအသုံးပြု၍ မှီတင်းနေထိုင်ကြသူတို့၏ လုပ်ဆောင်မှုကြောင့်ဖြစ်ပြီး မြစ်ကြောင်းတိမ်ကောလာမှုအား နုန်းအနည်အနှစ်များ ဖယ်ရှားပေးရန်အပြင် သက်ဆိုင်ရာဌာနများမှလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ရေကြောင်းအဟန့်အတား ဖြစ်စေမည့်ကိစ္စများအား ထိရောက်စွာကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဒါးကမြစ်အတွင်း နုန်းအနည်များ ဖယ်ရှားပေးနိုင်ရေး ဆောင်ရွက်မည်ဆိုပါက ရေကြောင်းတိုင်းတာ စစ်ဆေးမှုများကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး ရရှိလာသောတိုင်းတာစစ်ဆေးချက်များအရ ဆောင်ရွက်ရမည့် အစီအမံများကို ထပ်မံရေးဆွဲရမည်ဖြစ်ပါသောကြောင့် အချိန်ယူဆောင်ရွက်ရမည့် ရေရှည်စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ မြစ်တစ်လျှောက် လူနေကျေးရွာများ၊ လယ်ယာမြေများ တည်ရှိနေသဖြင့် လိုအပ်သည့်နေရာများတွင် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်၍ ကုန်ကျစရိတ်များပြားပြီး ရရှိလာမည့် အကျိုးကျေးဇူးနှင့် ချိန်ဆဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ချောင်းအတွင်း ရေစီးရေလာအဟန့်အတားဖြစ်စေသည့် ငါးခြံများ၊ တရားမဝင် စွန့်ပစ်ထားသည့်အမှိုက် သရိုက်များကို သက်ဆိုင်ရာဌာနများက ပထမဆုံး ဖယ်ရှားရှင်းလင်းသွားရမည်ဖြစ်ပါကြောင်း၊ ကနဦးတိုင်းတာရေးနှင့် စစ်တမ်းဆောင်ရွက်ပြီး ရလဒ်အပေါ်မူတည်၍ လိုအပ်သည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကာကုန်ကျစရိတ်ကို တစ်ပြိုင်တည်းတွက်ချက်၍ ရန်ပုံငွေ တင်ပြတောင်းခံပြီး ရရှိလာသည့် ဘဏ္ဍာငွေအပေါ် မူတည်၍ နှစ်ဆက်လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နည်းပညာနှင့် လုပ်ငန်းဆိုင်ရာအကူအညီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ရန်ကင်းတောင်သာသနာ့ ရိပ်သာကုန်းမြေပေါ်တွင်ရှိသော သာသနာ့အမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရန်၊ နောင်လာနောက်သားများ ဖူးမြော်ကြည်ညိုခွင့် ရရှိနိုင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန် ရေဦးထိုးဒဏ်နှင့် ဝဲကတော့ တိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ကမ်းပြိုကာကွယ်မှုလုပ်ငန်းဖြစ်သည့် ကမ်းထိန်းနံရံ (Retaining Wall) အလျင်အမြန် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် ၂ဝ၂၆ - ၂၀၂၇ ဖြည့်စွက်ဘတ်ဂျက်တွင် ရန်ပုံငွေထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သည် ချင်းတွင်းမြစ်အထက်ပိုင်း ဒေသတွင်တည်ရှိပြီး ခန္တီးမြို့ရန်ကင်းတောင်သာသနာ့ ရိပ်သာကုန်းမြေသည် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ မြင့်မားမတ်စောက်သော သဲကျောက်တောင်ပေါ်တွင်တည်ရှိကာ မြသိန်းတန်စေတီသည်ထင်ရှားသော မြို့ဦးစေတီတစ်ဆူဖြစ်ပါကြောင်း၊ မြသိန်းတန်စေတီအနီး၌ သဲကျောက်တောင်ကမ်းပါး၏ အမြင့်သည် ရေစစ်မျဉ်းအထက် ပေ ၈၀ ခန့် မြင့်မားပြီး မတ်စောက်လျက်ရှိပါကြောင်း၊ မြသိန်းတန်စေတီ တည်ရှိရာနေရာ အထက်ဘက်တွင် ချင်းတွင်းမြစ်သည် အင်္ဂလိပ်အက္ခရာ “S” ပုံသဏ္ဌာန် စီးဆင်းနေပါကြောင်း။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးခန္တီးမြို့ ရန်ကင်းတောင်သာသနာ့ရိပ်သာကုန်းမြေ ယခင်ဆောင်ရွက်ပြီး မြေထိန်းတံတိုင်း၏ အောက်ဘက်တွင် ကမ်းပါးမြင့်မားမတ်စောက်ခြင်းနှင့် မိုးရေစီးကြောင်း ကျဆင်းခြင်းတို့ကြောင့် ယခင်တည်ဆောက်ခဲ့သည့် ကမ်းထိန်းနံရံ၏အလျားပေ ၁၅၀ ခန့်သည် ကမ်းပါး အိကျမှုဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပြီး သာသနာ့ ကုန်းမြေနှင့် စေတီတော်အနီး မြစ်ကမ်းပါးတည်ငြိမ် ခိုင်ခံ့ရေးဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ရန်ကင်းတောင် သာသနာ့ရိပ်သာကုန်းမြေအား ချင်းတွင်းမြစ် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ကမ်းပါးအိကျနေသည့် အလျားပေ ၁၅၀ အား လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတင်ပြတောင်းခံပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိချိန်တွင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းဖြေကြားသည်။
ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၉) စောမြတ်ထွဋ်ဝင်း (ခ)ကိုဆွိ၏ ကရင်ပြည်နယ် ဘားအံမြို့ရှိ နိုင်ငံတော်ပိုင် ဘားအံလေဆိပ်အား ပုံမှန်လေကြောင်းခရီးစဉ်များကို ထည့်သွင်းစီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ဘားအံလေယာဉ်ကွင်းသည် ၂၀၁၉ ခုနှစ် နောက်ပိုင်းမှစတင်၍ ယနေ့အထိ ခုနစ်နှစ်ခန့် အသုံးပြုမှုမရှိခဲ့သဖြင့် ယခုအခါ ပြေးလမ်းမျက်နှာပြင် ပျက်စီးမှုများဖြစ်ပေါ်နေခဲ့ ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများတွင် လက်ရှိအသုံးပြုလျက်ရှိသော အငယ်ဆုံးလေယာဉ်များဖြစ်သည့် ATR 72 အမျိုးအစားလေယာဉ်များ အဆင်းအတက်ပြုလုပ်ရန် အနည်းဆုံးကွင်းအရှည် ပေ ၆၀၀၀ ရှိရမည်ဖြစ်ပါကြောင်း၊ ပြေးလမ်းချဲ့ထွင်နိုင်ရန်အတွက် လေယာဉ်ကွင်း၏ ပတ်ဝန်းကျင်အခြေအနေအရလေယာဉ်ပြေးလမ်း မြောက်ဘက်ထိပ်မှ ပေ ၄၇၀၀ ခန့်အကွာတွင်ရှိသော သာသနိကအဆောက်အအုံပေါ်တွင် တည်ထားသည့် စေတီတော်နေရာသည် လေယာဉ်ပြေးလမ်းတက်သည့် တည့်တည့်ပေါ်တွင် ကျရောက်နေပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်မှ သတ်မှတ်ထားသော Obstacle Limitation Surface (OLS) အရ လွတ်ကင်းမှုမရှိသောကြောင့် လေယာဉ်များ အဆင်းအတက်ပြုလုပ်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သဖြင့် လေယာဉ်ပြေးလမ်းအား မြောက်ဘက်သို့ တိုးချဲ့၍မရနိုင်ပါကြောင်း။
လက်ရှိအနေဖြင့် ဘားအံလေဆိပ်နှင့် အနီးဆုံးဖြစ်သည့် မော်လမြိုင်လေဆိပ်သို့ လေကြောင်းခရီးစဉ် အဖြစ် အပတ်စဉ်တနင်္လာနှင့် သောကြာနေ့တို့တွင် ပြေးဆွဲလျက်ရှိရာ ဘားအံမြို့နှင့် မော်လမြိုင်မြို့တို့၏ ကားလမ်းခရီးအကွာအဝေးသည် ၃၅ မိုင်ခန့်၊ ကြာချိန်အားဖြင့် တစ်နာရီခန့်သာ ကြာမြင့်မှုရှိပါသဖြင့် ဘားအံမြို့မှ လေယာဉ်ခရီးစဉ်နှင့် လိုက်ပါလိုသူများခရီးသွားလာရေးအတွက် အဆင်ပြေချောမွေ့မှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ဘားအံလေဆိပ်သို့ ပုံမှန်လေကြောင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲနိုင်ရေး ကန့်သတ်ချက်များရှိနေသည့်အတွက် ပုံမှန်လေယာဉ်များ ဆင်းပေး၍မရပါကြောင်းဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကြူနိုင်၏ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်နိုင်ပါက နိုင်ငံတကာမှသင်္ဘောများ ဆိုက်ကပ်၍ကုန်ပစ္စည်းများ အတင်အချပြုလုပ်နိုင်ခြင်း၊ Free Trade Zone (FTZ) ပြုလုပ်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိနိုင်ခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါသဖြင့် ကော့သောင်းမြို့တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (International Port) တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် တည်ဆောက်ပေးရန်လျာထားမှုရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ကော့သောင်းတွင် လက်ရှိအချိန် အလျား ၃၂၈ ပေ၊ အကျယ် ၉၈ ပေရှိသည့် ပြည်တွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကို ၂၀၂၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ် မေးမြန်းသည့်နေရာ၏ မြောက်ဘက်တွင် လက်ရှိတော်ဝင် ဆိပ်ကမ်းတံတားရှိပါကြောင်း၊ အဆိုပါတံတားသည် သံကူကွန်ကရစ်ဆိပ်ကမ်းတံတားဖြစ်ပြီး သက်တမ်း ၂၈ နှစ် ရှိပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဆိပ်ခံတံတားနှင့် ကိုယ်စားလှယ် မေးမြန်းသည့် ဆိပ်ကမ်းတံတားနှစ်ခု၏ အကွာအဝေးသည် ၁၅ ပေသာရှိပြီး အစအဆုံး မီတာ ၂၁၀ ဖြစ်သည့်အတွက် မီတာ ၉၀ ခန့်ရှိသည့် ရေယာဉ်နှစ်စင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဆိုပါက သတ်မှတ်ချက်များနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဝင်ရောက်နိုင်သည့် ရေနက်လုံလောက်မှုနှင့် သင်္ဘောကြီးများလှည့်နိုင်ပြီး ကပ်နိုင်၊ ခွာနိုင်မည့် အကျယ်အဝန်း ရှိရမည်ဖြစ်ပါကြောင်း၊ နောက်ခံမြေအကျယ်အဝန်းများ လုံလောက်ရန် အနည်းဆုံးသတ်မှတ်ချက်သည် ၃၇ ဧက ဖြစ်သော်လည်း ကိုယ်စားလှယ်မေးမြန်းသည့် နေရာသည် ၄ ဒသမ ၄ ဧကသာရှိပါကြောင်း၊ ထို့ပြင် အထောက်အကူပြုပစ္စည်းများနှင့် ကွန်တိန်နာများကို သယ်ထုတ်မည့်ကားလမ်း၊ မီးရထားလမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တည်ဆောက်ရန် ကန့်သတ်ချက်များစွာရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအစား ပြည်တွင်းကမ်းရိုးတန်း ဆိပ်ကမ်းတစ်ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်လျက်ရှိပြီး ၂၀၂၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို နိုဝင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


