မြစ်ကြီးနားမြို့ မနောကွင်း၌သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

မြစ်ကြီးနား အောက်တိုဘာ ၂၂

 

ကချင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ အောက်တိုဘာ ၂၈ ရက်မှစတင်ကာ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရောင်းချသွားမည်

 

ထို့ပြင် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီအထိ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမအတွင်းနှင့် ခန်းမရှေ့ကွင်းပြင်တို့တွင် ပြခန်းအုပ်စုနှင့် အရောင်းခန်းအုပ်စုဟူ၍ အမျိုးအစား နှစ်ခုဖြင့် ဖွင့်လှစ်ပြသ ရောင်းချသွားမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

 

ပြခန်းအုပ်စုတွင် မြစ်ကြီးနားတက္ကသိုလ်၏ ပညာရပ်ဆိုင်ရာပြခန်း၊ ဒေသထွက် MSME ထုတ်ကုန်ပြခန်း၊ ကျောက်မျက်ရတနာပြခန်း၊ စိုက်ပျိုးရေးနှင့် သစ်တောဦးစီးဌာနပြခန်းတို့ ပါဝင်မည်ဖြစ်ပြီး အရောင်းခန်း အုပ်စုတွင် ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာ အချောထည်အရောင်း ပြခန်း စသည့် ကဏ္ဍလေးခုနှင့် သက်ဆိုင်သည့် အရောင်းဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် MSME လုပ်ငန်းရှင်များနှင့် ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)