မင့်စ် အောက်တိုဘာ ၂၂
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကိုအား ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်းမ၌ သွားရောက် တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသော အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာနှင့် အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr. Sergei ALEINK တို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံ အစိုးရအဖွဲ့ချင်းသာမက နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်း၍ကဏ္ဍစုံကို တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်ဆောင်ရွက်နေမှု၊ ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်နားလည်မှုနှင့် အားပေးကူညီမှုများကို နှစ်နိုင်ငံအတွက်သာမက နိုင်ငံတကာမျက်နှာစာအထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင်ပါ မြန်မာနိုင်ငံဘက်ကရပ်တည်ပေးခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO)နှင့် BRICS တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးကြိုးပမ်း ဆောင်ရွက်ရာတွင် ဆက်လက်ကူညီ ထောက်ခံပေးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် Great Stone China-Belarus Industrial Park သို့ သွားရောက် လေ့လာကြသည်။
အဆိုပါ Great Stone China-Belarus Industrial Park တွင် ခေတ်မီနည်းပညာများအသုံးပြုသော သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများ၊ "One Station" ဝန်ဆောင်မှုရုံးများ၊ ကုန်သွယ်မှု၊ ပြပွဲနှင့် ကုန်စည်ပို့ဆောင်ရေးစင်တာများ၊ အလုပ်သမားထောင်ပေါင်းများစွာ နေထိုင်နိုင်သည့် လူနေအိမ်ရာများတည်ရှိကြောင်း၊ တရုတ်၊ ဘယ်လာရုစ်၊ ရုရှားနှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံများစွာက လာရောက်ရင်းနှီးမြှုပ်နှံကြပြီး မှတ်ပုံတင်ထားသည့်ကုမ္ပဏီ ပေါင်း ၁၇၃ ခု ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် မင့်စ်မြို့ရှိ မဟာမျိုးချစ်စစ်ပွဲသမိုင်း ပြတိုက်သို့ သွားရောက်လေ့လာကြသည်။
ထိုသို့ သွားရောက်လေ့လာစဉ် ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြတိုက်တွင်ပြသထားရှိသည့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကျူးကျော်မှုကို တွန်းလှန်ခဲ့သည့် သမိုင်းမှတ်တမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တင့်ကားများ၊ တိုက်လေယာဉ်များ၊ စစ်သည်တော်များ၏ ကိုယ်ရေး ကိုယ်တာပစ္စည်းများ၊ ပေးစာများ၊ ဓာတ်ပုံများကို ခေတ်မီ 3D နည်းပညာဖြင့် ပြသထားရှိမှုကို လိုက်လံရှင်းလင်းပြသသည်။
ရှင်းလင်းမှုများအပေါ် ပြည်ထောင်စုလွှတ်တော် နာယကကသိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးသည်။
ထို့နောက် Hi Tech Park (အဆင့်မြင့်နည်းပညာဇုန်) တွင် နည်းပညာကုမ္ပဏီပေါင်း ၁၀၀၀ ကျော်၊ ကျွမ်းကျင်ပညာရှင်ပေါင်း ၆၀၀၀၀ ကျော်ဖြင့် နိုင်ငံစီးပွားရေး (GDP)၏ သုံးရာခိုင်နှုန်းခန့်ကို ရှာဖွေပေးနေမှု၊ အထူးစီးပွားရေးနှင့် ဥပဒေရေးရာဇုန်တစ်ခုအဖြစ် လည်ပတ်ဆောင်ရွက်နေမှု၊ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများအတွက် ဆော့ဖ်ဝဲလ်နှင့် နည်းပညာ ဝန်ဆောင်မှုပေးနေမှု အခြေအနေကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ညပိုင်းတွင် ဘယ်လာရုစ် သမ္မတနိုင်ငံအထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
သတင်းစဉ်


