မင်းဘူး အောက်တိုဘာ ၂၂
မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ ၂၀၀ အတွက် ထင်းလောင်စာကုန်ကျမှု ၄၀ ရာခိုင်နှုန်းသက်သာသည့် စွမ်းအားမြှင့်မီးဖိုများကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ဦးဆောင်ပြီး ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုအသိပညာပေးဟော ပြောပွဲနှင့် စွမ်းအားမြှင့်မီးဖိုများ ပေးအပ်ပွဲကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့် က အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးစီးဌာနအနေဖြင့် ဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရန်နှင့် ဂေဟစနစ်မျှတကောင်းမွန်လာစေရန် နှစ်အလိုက် ဆောင်ရွက်နေမှု လုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထင်းအစား အခြား လောင်စာတိုးမြှင့်သုံးစွဲရေး လုပ်ငန်းများ နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


