ဒေါက်တာမြတ်မိုး
သံသရာခရီးသွားဓမ္မမိတ်ဆွေ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့၊ ထူးမြတ်မှုအပြည့်ဖြင့် ဝါကျွတ်ဝါလကင်းလွတ်ရာ ဤသီတင်းကျွတ်လပြည့်နေ့ကို ကုသိုလ်ယူ၍ ပူဇော်အထူးပြုကြပါစို့။
အဘိဓမ္မာကျေးဇူးအထူးသိရန် အဘိဓမ္မာတရားကို နာယူပူဇော်
အဘိဓမ္မာအခါတော်နေ့ဟုလည်း ခေါ်တွင်သည့် တာဝတိံသာနတ်ပြည်မှ ပြန်ကြွလာသော မြတ်စွာဘုရားရှင်ကို နတ်၊ ဗြဟ္မာ၊ လူပြည်သူတို့က ဆီမီးတန်ဆောင်ထွန်းလင်းပြောင်စွာ ထွန်းညှိပူဇော် ခဲ့ကြရာ၊ ဝိသေသထူးများဖြင့် ပြည့်နှက်ရာ ထိုနေ့၊ ထိုကာလကိုအထူးပြု၍ မီးထွန်းပွဲများ ကျင်းပကုသိုလ် ယူကြသည်မှာ မပြတ်အစဉ်အလာတစ်ခုပါ၊၊
မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်ဂုဏ်ကြီးသူ မိဘ၊ ဆရာသမားနှင့် လူငယ်သားသမီး အပေါင်းတို့က ဗုဒ္ဓအမွေကို လက်ဆင့်ကမ်း ရိုသေခံ၊ ပူဇော်ခံ၍ ဂါရဝရှေ့ထား ကန်တော့ကြ၊ အပြန်အလှန် ကုသိုလ်ယူကြရာကာလလည်းဖြစ်သည်။ မိဘကျေးဇူးဆပ်သူက ဘုရားရှင်၊ ကျေးဇူးဆပ်ခံရသူက မြတ်စွာဘုရား၏ မယ်တော်မာယာ သန္တုသိတ နတ်သား၊ ကျေးဇူးဆပ်တရားကား အဘိဓမ္မာမြတ် ဒေသနာ၊ တရားနာယူသူက စကြဝဠာတိုက် တစ်သောင်းမှ နတ်၊ ဗြဟ္မာများနှင့် ရှင်သာရိပုတ္တရာ၏ ရဟန်းတပည့်ငါးရာ၊ ထိုရဟန်းတို့ကား အရှင်ကဿပဘုရားလက်ထက်ကပင် ထိုအဘိဓမ္မာ တရားကို နေ့စဉ်နာကြားခဲ့ကြသည့် လင်းနို့သား ငါးရာ အကြိမ်ကြိမ်နတ်သားဖြစ်၍ ချမ်းသာရာဘဝများ ရခဲ့ကြသည်မှာ ထိုအဘိဓမ္မာကျေးဇူးကြောင့်ပင်။
သဗ္ဗညုတဉာဏ်တော်ရရှိပြီး ကျေးဇူးရှင်မြတ်စွာဘုရား ၄၅ ဝါပတ်လုံး ဟောကြားခဲ့သည့် “ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မ” ဘဝနှင့်ဆိုင်သော ဒဿနအဆုံးအမများသည် ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရှိခဲ့သည်။ ထိုတရားအားလုံးကို သုံးပုံပုံ၍ “ပိဋက” ဟူသော ခြင်းတောင်း၌ သိုမှီးသိမ်းဆည်းထားရာ အဘိဓမ္မာတရားကား ဓမ္မက္ခန္ဓာအားဖြင့် ၄၂၀၀၀ အထိ နေရာယူသည့်အတွက် အရေအတွက်အားဖြင့် သာလွန်နေသည်။
ထို့ကြောင့်လည်း “အဘိ” သာလွန်ထူးခြားသည်၊ “ဓမ္မ” ကုသိုလ်ထူးလှသည့် ကျေးဇူးတရား တော်ကြီးအဖြစ် လူ၊ နတ်၊ ရဟန်းသံဃာအပေါင်း တို့က ပူဇော်အထူးပြုကြခြင်းဖြစ်သည်။ လူ့ပြည်၊ နတ်ပြည်နှစ်ဌာနလုံး ဟောကြားနာယူနိုင်သည့် တရားတော်ကြီးအဖြစ် ဂုဏ်ယူစွာဖြင့် လူပုဂ္ဂိုလ် အပေါင်းတို့သည် ယနေ့ခေတ်တွင် ထိုအဘိဓမ္မာ တရားကို နာကြားသင်ယူလေ့လာခွင့်ရ၊ ပူဇော်ခွင့် ရနေကြပြီဖြစ်သည်။
ကာမဘုံသား ဤလူ့ဘဝ၌ လူဟူ၍ဖြစ်လာလျှင် ဦးစွာ ကိုယ့်အကြောင်းကိုယ်သိရန် လိုအပ်ပါမည်။ မိမိခန္ဓာအကြောင်း မိမိကိုယ်တိုင်သိပြီး ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးဟူ၍ သိလျှင်ပင် အလွန်အကျိုးထူး နေပါပြီ။ ထို့ကြောင့်လည်း ကျေးဇူးရှင် မြတ်စွာဘုရားရှင်၏ အဘိဓမ္မာကို ကြိုးစားသင်ယူနေကြ ခြင်းဖြစ်သည်။
သင်ကြားနာယူခွင့်ရသူအားလုံး ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကို အသေးစိတ်သိရှိ၍ အယူမှန်သွားသည့် အခါ မိမိ၏ကုသိုလ်ဖြစ်တည်ရာ ဓမ္မလမ်းကြောင်းကို မယိမ်းမယိုင် ထိန်းကျောင်းခွင့်ရရှိသွားပြီဟု ဆိုနိုင်ပါပြီ။ တစ်နည်း ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆုံးမတည့်မတ်နိုင်ပြီဖြစ်သည်။ အသေးစိတ်ညွှန်ကြားပြသပေးသော ဓမ္မတရားကြီး ဖြစ်၍ သိခွင့်ရသူများအတွက် ဂုဏ်ယူဖွယ်အတိပင်။ ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်ခြင်းဆိုသည်မှာ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ကိုယ့်ရုပ်နာမ်တို့ကို သိအောင်လုပ်ခြင်းပင်ဖြစ်သည်။ ရုပ်နှင့်နာမ် (စိတ်+စေတသိက်)တို့က ကိုယ့်ခန္ဓာမှာ အမှန်အတိုင်း စက္ကန့်မလပ်ဖြစ်ပျက်နေသော ကိုယ့်အလုပ် ကိုယ်လုပ်နေကြသော သဘာ၀ပရမတ္ထတရားများသာဖြစ်သည်။ သိခွင့်ရသည့်အခါ ဘယ်သူကြောင့် ဟူ၍ မည်သူ့ကို အပြစ်ဆိုနိုင်ပါမည်နည်း။
တကယ့်ခန္ဓာအမှန်ကို မည်သည့်တရားများနှင့် ဖွဲ့စည်းထားပါသနည်း၊ သံသရာမှလွတ်ကြောင်း ဝိပဿနာအထိ ကျင့်မည်ဆိုလျှင် ရုပ်အကြောင်း၊ နာမ်အကြောင်းမသိဘဲ တစ်နည်း စိတ်၊ စေတသိက်၊ ရုပ်အကြောင်းမသိဘဲ သွားမည့်လမ်းသည် ဖြောင့်ဖြူးနိုင်ပါ့မလား၊ အခြေခံပရမတ် နာမ်နှင့် ရုပ်ကို ပိုင်းပိုင်း ခြားခြားသိခြင်းကိုပင် နာမရူပ ပရိစ္ဆေဒဉာဏ်ဟုခေါ်သည်။ သူ့အကြောင်းတရားနှင့်သူဖြစ်၍ သူ့သဘောသူဆောင်နေခြင်းသာဖြစ်သည်ကို သိရသည့်အခါ မိမိမှာရှိနေသည့်အတ္တများ ကင်းစင်သွား နိုင်သည်၊ ဤသို့စဉ်းစားမိသည့်အခါ အဘိဓမ္မာ၏ အရေးပါမှုကို ပို၍သိလာပြီး ထပ်ကာထပ်ကာကြိုးစား လေ့လာမိလိမ့်မည်၊ ထိုအခါ အဘိဓမ္မာ၏ ထူးခြားသည့်အရသာမှာ ပိုမိုပေါ်လွင်လာပြီး ဝိပဿနာ အကျင့်အထိ ပညာလမ်းကို မှန်မှန်ကန်ကန် လှမ်းမိသွားနိုင်သည်ဟု ဆိုရပါလိမ့်မည်။
အခြေခံမျှ ပရမတ္ထတရားများ
အဘိဓမ္မာခြေလှမ်း စသည်နှင့် စိတ်၊ စေတသိက်၊ ပကိဏ်းတရားများနှင့် စတင်ထိတွေ့ရလိမ့်မည်။ စိတ်ဆိုသည်က အာရုံကိုယူ၍ အာရုံကိုသိရုံမျှပင်၊ လက္ခဏာအားဖြင့် တစ်ခုတည်း၊၊ အာရုံကိုလက်ခံ သည့် ထိုစိတ်များအပေါ် မှီတွယ်၍ အကောင်းအဆိုး ခြယ်လှယ်နေသည်က စေတသိက်ဖြစ်သည်။ အကုသိုလ်စိတ် ၁၂ ပါးအပါအဝင် လောကီ၊ လောကုတ္တရာစိတ်ပေါင်း အကျဉ်း ၈၉၊ အကျယ် ၁၂၀၊ ခြယ်လှယ်နေသည့် ကုသိုလ်၊ အကုသိုလ် စေတသိက်က ၅၂ မျိုးအထိ အသေးစိတ်သရုပ်ခွဲလေ့လာခွင့်ရသည်။
စိတ်၊ စေတသိက်ကိုဆိုင်ရာ၊ ဆိုင်ရာအလိုက် ပေါင်းစည်း၊ သိမ်းဆည်းအုပ်စုဖွဲ့၍ ရောပြွမ်းဝေဖန် လိုက်သည့်အခါ ပကိဏ်းဟူ၍ဖြစ်လာသည်။ အာရုံနှင့် ဒွါရတိုက်၍ဖြစ်လာသည့် ဝီထိစိတ်အစဉ်အတန်းများအကြောင်း၊ အတိတ်၊ ပစ္စုပ္ပန် ပြုခဲ့ပြုမိသည့် ကံ အပေါ် မူတည်၍ ၃၁ ဘုံတွင် ဘဝများပြောင်းနေပုံ၊ သတ္တဝါများ မည်သို့မွေးဖွားလာသလဲ၊ ပဋိသန္ဓေ စတင်ဖြစ်လာပုံနှင့် ဘယ်လိုသေဆုံးသွားကြသလဲ သေဆုံးခြင်း စုတိစိတ်များအကြောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်ရသော ရုပ် ၂၈ မျိုး၊ အကြောင်းကြောင့်ဖြစ်လာသည့် မိမိရုပ်ခန္ဓာ အကြောင်းများကို အခြေခံမျှဆိုသော်လည်း ပြည့်ပြည့်စုံစုံ သိခွင့်ရလိမ့်မည်။
ထိုသို့သိရလျှင် မိမိကိုယ်မိမိ ဘယ်လိုပြုပြင် နေထိုင်သင့်ပါသလဲ၊ ရုပ်နှင့်ဆက်စပ်၍ နိဗ္ဗာန်တရား အကြောင်း၊ ဖော်ပြပါ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္ထတရားများကို သဘောတူရာချင်း စုစည်းမိ ရာမှ အာသဝေါ၊ နီဝရဏ၊ ဥပါဒါန်၊ ဗိုလ်၊ ဣန္ဒြေ၊ သစ္စာလေးပါးဟူ၍လည်း လေ့လာခွင့်ရလိမ့်မည်။ ထို့နောက်တွင်မှ အကြောင်းတရားများ ပေါင်းစုညီညွတ်ခြင်းဖြင့်သာ အကျိုးတရားများဖြစ်လာရ သည့် ပဋိစ္စသမုပ္ပာဒ်တရား၊ အမျိုးမျိုးသော အကြောင်းအကျိုးတရားတို့၏ ဆက်သွယ်ပုံကို ပစ္စယသတ္တိဖြင့်ပြသော ပဋ္ဌာန်းတရား စသည်၊ စသည်ဖြင့် လေ့လာခွင့်ရပါမည်၊၊
နောက်ဆုံးတွင် အဖန်ဖန်အားထုတ်ရမည့် သမထ၊ ဝိပဿနာ၊ ဘာဝနာ ကမ္မဋ္ဌာန်းနှစ်ပါးနှင့် အတူ မေတ္တာဘာ၀နာ၊ ဗုဒ္ဓဂုဏ်တော်ပွားများခြင်း အပါအဝင် သမထကမ္မဋ္ဌာန်း ၄၀ နှင့် ၁၀ ပါးသော ဝိပဿနာဉာဏ်စဉ်များကို အခြေခံမျှ နောက်ဆုံးပိတ် လေ့လာလိုက်ရသည်၊၊ စကားလုံးများ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အဓိပ္ပာယ်နှင့်တကွ အသေးစိတ် အလွတ်ကျက်မှတ်၊ သိခွင့်နားလည်ခွင့် ရလိုက်တော့မှ မိမိတို့တွင် မသိသေးတာတွေက အများကြီးပါလား၊ ကံကောင်းခြင်းမက ကံကောင်း လှသည်ဆိုသည့်အတွေးများနှင့်အတူ အရသာ အားလုံးအနက် တရား၏အရသာသည် အလွန် ကောင်းမွန်လှသည်။ နှစ်သက်ဝမ်းသာမှုပီတိနှင့် ကိုယ်ရောစိတ်ပါ ချမ်းသာမှုသုခတို့ကို ပေးစွမ်းသည့် အမှန်တကယ် ရယူထိုက်သောဓမ္မဟူ၍ ယုံကြည်မှုများ ရှိလာပါလိမ့်မည်။
ခံယူချက်များပြောင်းလာမည်
အဆင်းလမ်း၊ အတက်လမ်း၊ ချမ်းသာအစစ်၊ ငြိမ်းချမ်းမှုအမှန်ဆိုသည်ကို ဓမ္မအစစ်ကသာ ပေးစွမ်းနိုင်သည်ဖြစ်သည်။ ထို့ကြောင့်လည်း အဘိဓမ္မာကို သင်ကြားနာယူလေ့လာကြရန် အခွင့် အလမ်းသင့်သူတိုင်းကို အခွင့်အရေးရတိုင်း တိုက်တွန်းမိသည်။ တစ်ဦးချင်းငြိမ်းချမ်းမှုမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံး အေးချမ်းသာယာမှုဆီ ရှေးရှုရာတွင် ကိုယ်စီကိုယ်င ကိုယ့်အကြောင်း၊ သူ့အကြောင်း၊ ပတ်ဝန်းကျင်အကြောင်း အမှန်သိ သိခြင်းဖြင့်သာ လမ်းကြောင်းမှန်မှာ လျှောက်လှန်း နိုင်မည်ဟု ယုံကြည်ပါသည်။
အဘိဓမ္မာအခြေခံ တရားအသိကြောင့်သာလျှင် မိမိသည် ကုသိုလ်စိတ်နှင့် နေနေသည်လား၊ အကုသိုလ် စိတ်နှင့် နေနေသည်လား၊ ကုသိုလ်ဖြစ်နေသလား၊ အကုသိုလ်ဖြစ်နေသလားဟူ၍ မျက်စိပွင့်သွားသည်။ အလွန်ကို တန်ဖိုးရှိမည်ဟု အာမခံပါသည်။ ယခင်က ကုသိုလ်ဖြစ်သည်အထင်ဖြင့် အကုသိုလ်ဖြစ်နေသည်ကို သတိမထားမိခဲ့၊ သတိမထားမိတော့ အပါယ်သွားရဖို့များသည်ကိုလည်း နားမလည်ခဲ့ပါ။
ကုသိုလ်ဖြစ်မှန်းမသိ၊ အကုသိုလ်ဖြစ်မှန်းမသိ၊ ကုသိုလ်စိတ်က ဘာလဲ၊ အကုသိုလ်စိတ်က ဘာလဲ မသိ၍ ကုသိုလ်အထင်နှင့် အကုသိုလ်တွေ လုပ်မှန်းမသိ လုပ်မိသွားတတ်သည်၊၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် ကုသိုလ်ထက် အကုသိုလ် အတွေး၊ အပြော၊ အလုပ်များ ပိုများနေသည်ကို အဘိဓမ္မာအသိနှင့် သတိထား ဆင်ခြင်ရပါမည်။ အသိနှင့် အကျင့်ကို ဆက်စပ်မိသည့်သဘောပင် ဖြစ်သည်၊၊
ပတ်ဝန်းကျင်တွင် မငြိမ်းချမ်းခြင်း၊ မအေးချမ်းခြင်း၊ မသာယာခြင်းများနှင့် ဆက်စပ်ဆင်ခြင်နိုင်ပါ သည်။ ကုသိုလ်နှင့် အကုသိုလ်ကို ကွဲကွဲပြားပြားသိ၊ အကုသိုလ်ကို အကုသိုလ်မှန်း ချက်ချင်းသိခြင်းဖြင့် အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင်မှသာ မကောင်းသော အနိဋ္ဌာရုံများမှ ကင်းဝေးသွားပါမည်။ ထိုသို့သော ယုံကြည်မှုမျိုး အားလုံးမှာရှိလျှင်ဆိုသော အိပ်မက်ကို ထိုတန်ဖိုးကြီး အဘိဓမ္မာပညာနှင့် အကျင့်မြတ်ကသာ ပေးစွမ်းနိုင်မည်ဟု ခံယူမိပါသည်။
အဘိဓမ္မာအသိဖြင့် လက်တွေ့တွင် ကိုယ်လုပ်တာ၊ ကိုယ်ပြောတာ အထူးသဖြင့် ကိုယ်တွေးရာ အတွေးများက ကုသိုလ်ဖြစ်ရဲ့လား၊ အကုသိုလ် ကင်းပါသလား၊ သတိမထားက အပါယ်လားနိုင်သည် ကို သိလာသည့်အခါ “သတိ”ကို အလိုလိုထားတတ်လာပါမည်။ လက်တွေ့အသုံးချ၍ “သတိ”အပေါ် ပိုင်းခြားဝေဖန် ဆင်ခြင်တုံတရား “ပညာ”ကိုပါ ထပ်ဆင့်လိုက်သည့်အခါ ဘဝမှာ နေတတ်ထိုင်တတ် လာမည်။ နောက်ဆုံး မမြဲသောသေခြင်းတရားကိုလည်း ရင်ဆိုင်ရဲပြီး သေတတ်လာမည်။ ကောင်းမှု၊ မကောင်းမှုလားရာသည် ကွဲကွဲပြားပြားဖြစ်သည်ဆိုသော တရားအသိကို သိအောင်သင်ရန်နှင့် နာယူနိုင်သမျှ နာယူသင့်ပါသည်။
သိမှလည်းကျင့်နိုင်မည်ဖြစ်သလို အကျင့်စခန်း အထိသွားမှလည်း လိုချင်တာရပါမည်။ ဤသည်ပင် ဗုဒ္ဓ၏အမွေကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်းမည်ပါသည်။ ယခုလိုကာလသည် သာသနာအတွက် အရေးကြီးဆုံးအချိန်ဖြစ်၍ သာသနာမကွယ်ရန်၊ သာသနာတော် အဓွန့်ရှည်တည်တံ့ပြန့်ပွားရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်သည် ယနေ့ ဗုဒ္ဓဘာသာဝင်အားလုံး၏ တာဝန်ဖြစ်သည်ဟု ခံယူ သည့်အားလျော်စွာ သာသနာနှင့် ဆုံခိုက် သံသရာဆွေမျိုးပမာ ကျေးဇူးဆပ်ခြင်းတစ်မျိုးဟုသာ ခံယူပါ သည်။
အနှစ်အားဖြင့် အသိ + ပညာ + အကျင့်ဖြင့် လူ့ဘဝအဓိပ္ပာယ်နှင့် လူ့ဘဝပန်းတိုင်ကို သိနေရန် ပင်ဖြစ်သည်။ သိမှသာ အရှုပ်အထွေးများကို လျော့ပါး သက်သာစေရန် ကြိုးစားဖြစ်ပါမည်။ ပတ်ဝန်းကျင် တွင် သံဝေဂယူစရာများများလှသည့်အတွက် ရနေသေးသည့်အချိန်တွင် ကောင်းသည်ကိုလုပ်နိုင်ရန် အခွင့်အလမ်းမရှိသေးလျှင်သော်မှ ယခုမျက်မှောက် နာယူပူဇော်ခြင်းနှင့်ပင် ယခုဘဝ နောင်ဘဝသံသရာ အဆက်ဆက်ပါ ကောင်းသောအကျိုးကို ဧကန်ရနိုင်ရန် ကြိုးစားကြရပါမည်။
သို့မှသာ ဝါတွင်းကုန်၍ သီတင်းကျွတ်အခါ ရောက်တိုင်း ကျေးဇူးဆပ်အဘိဓမ္မာဖြင့် အပြန်အလှန် ကျေးဇူးဆပ်ဘဝကိုအသုံးချကာ ဘေးဥပဒ်အန္တရာယ်ကင်း၍ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေလိုသော ဆန္ဒအမှန်ကို ပြသရာရောက်ပါမည်။ ဤသို့ဖြင့် မိမိနှင့် လောကအဖြစ်အပျက်အားလုံးအပေါ် သဘာဝ အတိုင်း အမှန်အတိုင်းသိအောင် ကြိုးစားကြပါမည်။ ထိုမှတစ်ဆင့် ကျွန်ုပ်တို့အားလုံးသည် အမှောင်မှ အလင်းသို့လှမ်း၍ တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်၊ သည်းခံ၊ စာနာနားလည်မှုများ ရင်ဝယ်ပိုက်ကာ ကောင်းမြတ်သောတရားများ ထူထောင်နိုင်ကြစေရန် ပူဇော်အထူးကုသိုလ်ပြုလိုက်ရပါသည်။ ။


