ဂုဏ်ယူမြတ်နိုးစွာ ထမ်းဆောင်ကြရမည့်တာဝန်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းသား၊ ကျောင်းသူများက သြဝါဒခံယူပွဲကျင်းပပြီးနောက် မကြာခင်သင်တန်းဆင်းပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။

 

နှစ်ပေါင်း ၆၀ ကျော်သက်တမ်းသို့ ရောက်ရှိလာပြီဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာသင်ယူခဲ့ကြသည့် မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တိုင်းရင်းသားလူငယ်မောင်မယ် ကျောင်းသား ကျောင်းသူများသည် အမိတက္ကသိုလ်မှ သင်တန်းဆင်းသည့်အခါ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် ကျရာဒေသအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆရာ၊ ဆရာမများဖြစ်လာကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်မောင်မယ်များအပေါ် နိုင်ငံတော်က ယုံကြည်စွာအပ်နှံလိုက်သည့် တာဝန်များမှာ နိုင်ငံအတွက်အရေးကြီးသလို ဂုဏ်ယူမြတ်နိုးစွာ ထမ်းဆောင်ကြရမည့် တာဝန်များလည်းဖြစ်သည်။

 

အဓိကအကျဆုံးတာဝန်မှာ မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာရပ်ဆိုင်ရာအသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး တာဝန်ကျရာဒေသမှ ကျောင်းသားလူငယ်များ၏ အနာဂတ်၊ စိတ်ဓာတ်၊ အကျင့်စာရိတ္တနှင့် ဘဝရည်မှန်းချက်များကိုပါ ပုံဖော်ပေးရန်ဖြစ်သည်။ ဒုတိယတာဝန်မှာ တာဝန်ကျရာ ဒေသသို့ရောက်သည့်အခါ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူနိုင်ရေး၊ ကျောင်းပြင်ပရောက်ရှိနေသူများ ပြန်လည်ပညာသင်ယူနိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်သည်။

 

ထို့အပြင် မိမိတို့ကိုယ်တိုင်လည်း စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး သင်ကြားရေးစွမ်းရည်များ မြှင့်တင်နေကြရန်နှင့် အလွတ်ကျက်မှတ်စေခြင်း နည်းလမ်းကိုသာမက တပည့်များ၏စဉ်းစား တွေးခေါ်နိုင်စွမ်း၊ ဝေဖန်ဆန်းစစ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းများ တိုးတက်လာအောင် လမ်းညွှန်ပေးရန် ဖြစ်သည်။ မိမိတို့ တာဝန်ကျရာကျောင်းများမှ စည်းကမ်းရှိပြီး တာဝန်သိသည့် လူငယ်များ ပေါ်ထွန်း လာရေးနှင့် တာဝန်ကျရာဒေသများတွင် တိုင်းရင်းသားပြည်သူများအကြား ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ တိုးပွားလာအောင် ကိုယ်တိုင်စံနမူနာပြပြီး ဆောင်ရွက်ကြရန်သည်လည်း အရေးကြီးသည့်တာဝန်များဖြစ်သည်။

 

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ ဖြစ်လာကြမည့် မောင်မယ်တို့သည် တာဝန်ကျရာဒေသမှ ရွက်ပုန်းသီးလူငယ်များ၏ အရည် အချင်းများကို ဖော်ထုတ်ပေးရန်၊ တပည့်များကို ပညာရည်ပြည့်ဝရုံ သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလဟူသည့် ဗလ ငါးတန်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာအောင်ပြုစု ပျိုးထောင်ပေးရန်၊ ဆရာဝတ်ငါးပါးနှင့်အညီ ကျင့်ကြံနေထိုင်ပြီး တပည့်များကိုအမှားအမှန် ခွဲခြားသိမြင်နိုင်ပြီးလူမှုကျင့်ဝတ်များကို လေးစားလိုက်နာတတ်သည့် လူငယ်များဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် ဖြစ်သည်။

 

မိမိတို့နိုင်ငံသည် အမျိုးသားပညာရေးမြှင့်တင်မှုကို မဖြစ်မနေပြုလုပ်သွားရန် လိုအပ်လျက်ရှိနေရာ ကျေးလက်ဒေသများနှင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် တာဝန်ထမ်းဆောင်ကြရမည့် ဆရာ၊ ဆရာမတို့၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည်။ အဆိုပါဒေသများရှိ ဒေသခံပြည်သူများ အတွင်း ပညာသင်ယူမှုနှင့် ပညာရေးအပေါ် ခံယူချက်များ မှန်ကန်လာစေရန် ဆရာ၊ ဆရာမများက စည်းရုံးလမ်းပြပေးနိုင်ရန်လိုသည်။

 

“ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပညာရည်ပြည့်ဝသည့်လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းလာမှသာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍများတွင် ရေရှည်တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ဩဝါဒ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ရာ ပညာရည်ပြည့်ဝသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာရေးသည် ဆရာ၊ ဆရာမတို့ ပါဝင်ထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ်သည်။

 

နိုင်ငံတော်က ပညာရေးကဏ္ဍကို အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးအသုံးစရိတ်ကို လာမည့်နှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်ရန်၊ နောက်တစ်နှစ်ကျော်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်နှင့် လက်ရှိအစိုးရတာဝန်ယူဆောင်ရွက် သည့် ကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားရာ ပညာရေးကဏ္ဍမှ စွမ်းရည်မြင့်မားထက်မြက်သည့် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်မှုများဖြင့်ပေါင်းစပ်၍ မြန်မာ့ပညာရေးသည် အဆင့်အတန်းတစ်ရပ်သို့ ရောက်ရှိ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။