၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် “မြန်မာ့ရိုးရာအနုပညာ သည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ဖော်ပြပေးနေသည့် တန်ဖိုးရှိသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် ယနေ့မျိုးဆက်၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက်များထံသို့ အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းပေးခြင်းသည်လည်း မိမိတို့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည် ဖော်ရမည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ကြောင်း”ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားရေးလက္ခဏာများကို ဖော်ပြရာတွင် အဆိုပါနိုင်ငံ၏ သမိုင်းကြောင်း၊ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများနှင့် အနုပညာယဉ်ကျေးမှုတို့သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများသည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက အဆင့်အတန်းမြင့်မားစွာ ပေါ်ထွန်းခဲ့သည့် ဂုဏ်ယူရမည့် အစဉ်အလာများဖြစ်သည်။ ရှေးခေတ်လူမှုဘဝများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ များသည် ပျူခေတ်၊ ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်တိုင်အောင် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာခဲ့ သည့် အနုပညာအစဉ်အလာများအဖြစ် မြင်တွေ့နိုင်သည်။ ဂုဏ်ယူဖွယ်ရာ အနုပညာအမွေ အနှစ်များသည် အတိတ်သမိုင်းကို ပြန်လည်ဖော်ထုတ်ပေးနိုင်ရုံသာမက ယနေ့မျိုးဆက်သစ်များ အတွက် သင်ယူစရာ၊ လေ့လာစရာများနှင့် အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းပေးရမည့် တန်ဖိုးရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။
အနုပညာသည် လူသားများ၏ စိတ်ခံစားမှု၊ အတွေးအမြင်၊ လူမှုဘဝနှင့် တန်ဖိုးထားမှုများကို ဖော်ပြပေးနိုင်သကဲ့သို့ မျိုးဆက်တစ်ဆက်မှတစ်ဆက်ကို သမိုင်းအမွေအနှစ်များအဖြစ် လက်ဆင့်ကမ်းပေးရာတွင် အရေးပါသည့်ကြားခံ ကဏ္ဍတစ်ရပ်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာတွင် အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍလေးရပ်သည် သီးခြားစီအရေးပါလျက်ရှိသကဲ့သို့ အချင်းချင်းလည်း အပြန်အလှန် အထောက်အကူပြုချိတ်ဆက်နေသည်ကိုတွေ့ရသည်။ အဆိုပါကဏ္ဍများကို စနစ်တကျ ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် မြန်မာ့အနုပညာ၏ အနှစ်သာရနှင့် အရည်အသွေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပပေးခဲ့ပြီး မြန်မာ့ရိုးရာအနုပညာများကို စနစ်တကျ ထိန်းသိမ်းမြှင့်တင် ရေး၊ အနုပညာရှင်များဖော်ထုတ်ရေးနှင့် မျိုးဆက်သစ်လူငယ်များထံ အနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးရေးတို့အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးခဲ့ရာတွင် ၂၀၁၆ ခုနှစ် အထိ (၂၂)ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ပြိုင်ပွဲများရပ်နားခဲ့ရသည်။ ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပပေးနိုင်ခဲ့ပြီး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆက်လက် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၇)ကြိမ်မြောက် ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များကို နိုင်ငံသူ နိုင်ငံသားအားလုံး၏ရင်ထဲ၌ “မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့် ရှောက်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ်များ ဆက်လက်ထွန်းကား ပြန့်ပွားရေး၊ လူငယ်ထုအတွင်း စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး”ဆိုသည့် ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ယနေ့ခေတ်တွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် အနုပညာဖန်တီးမှု၊ မှတ်တမ်းတင်မှုနှင့် ဖြန့်ဝေမှုတို့အတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာသည်။ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များကြားတွင် စိမ့်ဝင်ပျံ့နှံ့ပြီး မျိုးဆက်သစ်များ နှစ်သက်လာရန်လိုအပ်သည်။ ယနေ့အခွင့်အလမ်းများကို မှန်ကန်စွာအသုံးချ နိုင်ပါမှ မြန်မာ့အနုပညာကို လူငယ်များ စိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များအထိ မိတ်ဆက်ဖော်ပြနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ထို့ကြောင့် အနုပညာရပ်ဆိုင်ရာ အရည်အသွေး များကို အစဉ်တစိုက်မြှင့်တင်ကြရန်နှင့် မြန်မာ့အနုပညာ၏ ထူးခြားသည့်အလှတရား များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
(ကြေးမုံ)


