အင်ဒိုနီးရှားနိုင်ငံသို့  ၂၀၂၇ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၉ ဒသမ ၁ သန်း ဝင်ရောက်လာရန် ရည်မှန်းထား

အောက်တိုဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်းမှဝင်ငွေတိုးမြှင့်ရရှိရန် ရည်ရွယ်ကာ ခရီးသွားလုပ်ငန်းကို အဓိကထားသည့် အထူးစီးပွားရေးဇုန်ခြောက်ခု ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ၂၀၂၇ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၁၉ ဒသမ ၁ သန်း ဝင်ရောက်လာရန် ရည်မှန်းထားကြောင်း ဝန်ကြီးတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားခရီးသွားဝင်ရောက်ရန် ရည်မှန်းချက် ၁၆ သန်းမှ ၁၇ ဒသမ ၆ သန်းအထိ ဖြစ်သည်ဟု သိရသည်။

စီးပွားရေးရာ ပူးပေါင်းညှိနှိုင်းရေးဝန်ကြီး အဲလန်ဂါ ဟာတာတိုက ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန့် ရရှိရန်လည်း ရည်မှန်းထားကြောင်း ဂျကာတာမြို့၌ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုပမာဏသည် စားအုန်းဆီတင်ပို့မှုက ရရှိသော တန်ဖိုးနှင့်ညီမျှသည်ဟု   ၎င်းကဆိုသည်။

 

ခရီးသွားလုပ်ငန်းကို အဓိကထားသည့် အထူးစီးပွားရေးဇုန် ခြောက်ခုမှာ မန်ဒလီကာ၊  ကူရာကူရာ ဘာလီ၊ တန်ဂျွန်း ကလေယန်း၊ တန်ဂျွန်း လေဆွန်း၊ လီဒိုနှင့်  လီကူပန်း တို့ဖြစ်သည်။

အဆိုပါဇုန်များတွင် ခရီးသွားနေရာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားပွဲတော်များနှင့် အားကစားပွဲများ ကျင်းပရေး၊ ကြော်ငြာမြှင့်တင်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေးတို့မှတစ်ဆင့် ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

၂၀၂၇ ခုနှစ်အတွက် မန်ဒလီကာဒေသတွင် ခရီးသွား ၁ ဒသမ ၆ သန်း ဝင်ရောက်လာရန် ရည်မှန်းထားပြီး မော်တော်ဆိုင်ကယ်ပြိုင်ပွဲ MotoGP ကျင်းပခြင်းကလည်း ယင်းရည်မှန်းချက်ကို အထောက်အကူပြုမည်ဟု မျှော်လင့်ထားသည်။ တန်ဂျွန်း လေဆွန်းဒေသတွင်လည်း ခရီးသွား ၁ ဒသမ ၅ သန်း လာရောက်ရန် ရည်မှန်းထားသည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် အထူးစီးပွားရေးဇုန် ခြောက်ခုကို ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ပိုမိုကျယ်ပြန့်စွာ ကြော်ငြာမြှင့်တင်ကြရန် ဝန်ကြီး အဲလန်ဂါက တိုက်တွန်းခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို