အောက်တိုဘာ ၂၂
အာဖဂန်နစ္စတန်နိုင်ငံတွင် အာရှအလယ်ပိုင်းနိုင်ငံများနှင့် ကုန်သွယ်ရေးဆက်သွယ်မှုများ ပိုမိုခိုင်မာ လာစေရန် Hairatan–Mazar-i-Sharif ရထားလမ်းပေါ်ရှိ နိုင်းဘာဘတ်ဘူတာတွင် အရှည် ၁၆၉၄ မီတာရှိသော ရထားလမ်းသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း ပြည်သူ့လုပ်ငန်းဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါစီမံကိန်းသည် မြောက်ပိုင်း ဘာလ်ခ် ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများကို အားကောင်းစေခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်မှုကို ပိုမိုချောမွေ့စေခြင်း၊ နိုင်ငံ၏ရထားလမ်းကွန်ရက် သယ်ယူပို့ဆောင်နိုင်စွမ်းကိုတိုးမြှင့်ခြင်းနှင့် နှစ်နိုင်ငံအကြားစီးပွားရေး ဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းမတိုင်မီ သုံးပတ်ခန့်ကလည်း အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင်တည်ရှိသော မဟာဗျူဟာမြောက် ဟီရတ်-ခါဖ် ရထားလမ်းစီမံကိန်း စတုတ္ထပိုင်းအပိုင်း၏ပထမအဆင့်ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါအပိုင်းသည် အရှည် ၄၃ ကီလိုမီတာရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျခဲ့သည်ဟု သိရသည်။
ဟိုင်ရာတန်ကုန်တင်ဆိပ်ကမ်းသည် အာဖဂန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ကို ဆက်သွယ်ပေးသည့် အရေးပါသော နယ်စပ်ဝင်ပေါက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည့်အပြင် ရထားလမ်းနှင့် ကားလမ်းကွန်ရက်များမှတစ်ဆင့် အာရှအလယ်ပိုင်း၊ တရုတ်၊ ရုရှားနှင့် ဥရောပရှိ ပိုမိုကျယ်ပြန့်သော ဈေးကွက်များသို့ ဆက်လက်ချိတ်ဆက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


