မြစ်ကြီးနား အောက်တိုဘာ ၂၁
ကချင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနရုံး လေ့ကျင့် ပျိုးထောင်ရေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ စီမံကိန်းဖြင့် ပလနကျေးရွာ၊ တပ်ကုန်းရပ်ကွက်၊ လယ်ကုန်း ရပ်ကွက်တို့အတွက် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဖွင့်လှစ်ပေးသွားမည့် အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်း သုံးကြိမ်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဖွင့်လှစ်ပေးသွားမည့် ဆိုင်ကယ်ပြင်သင်တန်း တစ်ကြိမ်တို့အတွက် ချီးမြှင့်ငွေကျပ်သိန်း ၁၀၀ နှင့် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းအလိုက် ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၆ ခုနှစ် ကချင်ရိုးရာ ကောက်သစ်စားပွဲတော်အား ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


