ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ် သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာနှင့် တွေ့ဆုံဆွေးနွေး

 

မင့်စ် အောက်တိုဘာ ၂၁

 

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု လွတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ အောင်ပွဲခံရင်ပြင် (Victory Square) သို့ ရောက်ရှိကြရာ မင့်စ်မြို့အလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.Oleg Korzun နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင် (The Victory Monument) ၌ လွမ်းသူ့ပန်းခွေချ အလေးပြုပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

 အဆိုပါ မင့်စ်မြို့ရှိ အောင်ပွဲခံအထိမ်းအမှတ် ကျောက်တိုင် (The Victory Monument) သည် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီကျူးကျော်သူများကို တွန်းလှန်တိုက်ခိုက်ရင်းကျဆုံးခဲ့ရသည့် ဆိုဗီယက် တပ်မတော်သားများနှင့် ဘယ်လာရုစ် ပြောက်ကျားရဲဘော်များကို ရည်စူးပြီး ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော နိုင်ငံ၏သမိုင်းဝင် အထင်ကရနေရာတစ်ခုဖြစ်ကြောင်း၊ အမြင့် ၃၈ မီတာရှိသည့် ၎င်းကျောက်တိုင် ခြေရင်းတွင် ကျဆုံးသူများကို အောက်မေ့သတိရသောအားဖြင့် “ထာဝရငြိမ်းချမ်းရေး မီးတောက်”ကို အမြဲမပြတ် ထွန်းညှိထားရှိကြောင်း၊ နိုင်ငံတကာသံတမန်များနှင့် နိုင်ငံ့ခေါင်းဆောင်များ လာရောက်ဂုဏ်ပြု အလေးပြု ရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

 

 ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံအထက် လွှတ်တော်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် အထက်လွှတ်တော်တတိယထပ်ရှိ မီးလင်းဖို ခန်းမဆောင်၌ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာနှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီးပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်တွင် သံတမန်ဆက်ဆံရေး ၂၇ နှစ်ပြည့်မြောက်ခဲ့ကာ ယင်းကာလအတွင်း နှစ်နိုင်ငံအပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုများကို အခိုင်အမာတည် ဆောက်ထားနိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန်ခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို နက်ရှိုင်းစေပြီး ကောင်းကျိုးစီးပွားကိုတိုးပွားအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ ဘက်စုံကဏ္ဍစုံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆ - ၂၀၂၈ ခုနှစ်) ကို ချမှတ်နိုင်ခဲ့ပြီး လွှတ်တော်များ၏ အခန်းကဏ္ဍ၊ လွှတ်တော်ကဏ္ဍ ချစ်ကြည်ရင်းနှီးရေးတွင် နှစ်နိုင်ငံဘက်စုံမဟာမိတ် ပူးပေါင်းဆောင်ရွက်မှုကို လွှတ်တော်ပိုင်းမှ ပံ့ပိုးကူညီပေးရေး၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေး၊ လွှတ်တော် ဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံများမျှဝေရေး၊ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေး၊ နိုင်ငံတကာ လွှတ်တော် ဆိုင်ရာ အသိုက်အဝန်းတွင် နှစ်နိုင်ငံအကျိုးအတွက် ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် အထက်လွှတ်တော် ဒုတိယထပ်ရှိ သဘာပတိအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား လွှတ်တော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အထက် လွှတ်တော် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာတို့က လက်မှတ် ရေးထိုးကြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော် အစည်းအဝေးခန်းမကြီးနှင့် ပြတိုက်ပြပွဲတို့ကို ကြည့်ရှု လေ့လာပြီး ဂုဏ်ထူးဆောင် ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မင့်စ်ထွန်စက် စက်ရုံနှင့် မော်တော်ကားစက်ရုံကို လည်းကောင်း၊ First National Trade House ဈေးဝယ်စင်တာကိုလည်းကောင်း သွားရောက် ကြည့်ရှုလေ့လာကြသည်။

 

သတင်းစဉ်