နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းလျက်ရှိသည်။ ပြည်သူများလူမှုစီးပွားဘဝ လုံခြုံစိတ်ချစွာဖြင့် ရပ်တည်နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းထမ်းရွက်လျက်ရှိသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လိုအပ်သောဒေသများအလိုက် ခိုင်မာစွာတည်ဆောက်ပေးလျက်ရှိသည်။
အချို့ဒေသများတွင် လူမျိုးရေး၊ လူ့အခွင့်အရေးတို့ကိုအကြောင်းပြု၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့များက သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင် NUG ၊ CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ၎င်းတို့အလိုကျဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့ရွာများအား ယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်လျက် ဒေသခံပြည်သူများ လူမှုဘဝထိခိုက်နစ်နာဆုံးရှုံးပျက်စီးအောင် လုပ်ဆောင်နေသည်ကို မြင်တွေ့ရမည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တော်လှန်ရေးဟုဆိုပြီး ၎င်းတို့ရပ်တည်နိုင်ရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် မြို့၊ ရွာ၊ ဒေသအချို့ကို ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသည်။ နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ပေးထားသည့် အရေးကြီးသော ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သည်။ အများပြည်သူအသုံးပြုလျက်ရှိသည့် မြို့ရွာများ၏ ဆက်သွယ်ရေးလမ်းကြောင်း ပေါ်တွင်အခြေပြုပြီး ခံစစ်စခန်းများတည်ဆောက်ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ အလိုမကျပါက အကြောင်းမဲ့သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ ကုန်စည်စီးဆင်းမှုများအတွက် အခက်အခဲများဖြစ်ပေါ်လာကာ စားရေရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများရှားပါးလာခြင်း၊ ဆေးဝါးနှင့်အရေးပေါ် လူသုံးကုန်ပစ္စည်းများမရောက်ရှိတော့ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်း၊ ကုန်ချောများ ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းလာသည့်အပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ အနိုင်ကျင့်နှိပ်စက်မှုများကို နေ့စဉ်နှင့်အမျှ ခါးသီးစွာခံစားရလျက်ရှိနေသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများသည် ပြည်သူလူထုအတွက် အဓိကအရေးပါသည့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို တစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများအနက် မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့် ၊ ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပြည်သူများအတွက် အရေးပါသည့်ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ အဆိုပါဆက်သွယ်ရေးလမ်းကြောင်းကို ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် သွားလာဆက်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဆက်လက်၍လည်း အဆိုပါဆက်သွယ်ရေးလမ်းကြောင်းပတ်ဝန်းကျင်တွင် ခိုအောင်းနေသော အကြမ်းဖက်သောင်းကျန်းသူစခန်းများအား တပ်မတော်က စစ်ကြောင်းများခွဲပြီး ဟန်ချက်ညီညီချီတက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းများပေါ်ရှိ ကျေးရွာများကို ပြန်လည်ထိန်းချုပ်ပြီး ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်သားများအနေဖြင့် အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ သောင်းကျန်းသူများကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့သည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်တို့ကို ပြည်သူလူထုနှင့်လက်တွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။ ။


