၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့် စစ်သည်များပါ၀င်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

 

နေပြည်တော် အောက်တိုဘာ ၂၀

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်း ဟောင်းနှင့် အစားခန့် ဝန်ထမ်း များ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့် စစ်သည်များ ပါဝင်သော မျိုးဆက်သစ်ထူးချွန် လူငယ် မောင်မယ်များသည် နိုင်ငံတကာ ယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ကြမည်ဖြစ်ရာ အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

 

အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ ထူးချွန်လူငယ်များ ပါဝင်သည့် လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသည့် ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး လူရည်ချွန်ဆုရရှိသည့် ကျောင်သား ကျောင်းသူ ခုနစ်ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သည့်စစ်သည် နှစ်ဦး၊ ကျောင်းအုပ် ကြီးတစ်ဦး၊ အုပ်ချုပ်မှုတာဝန်ခံ လေးဦး စုစုပေါင်း ၃၀ တို့ ပါဝင်ကြ ပြီး ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်အထိ လေ့လာရေးခရီးစဉ် ကာလအတွင်း ဗီယက်နမ် နိုင်ငံရှိ FPT Software Center နှင့် Viettel Academy၊ ဗီယက်နမ် Data Base စီမံခန့်ခွဲရေးကုမ္ပဏီ၏ Data Center ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ် (Quoc Tu Giam)ရှိ စာပေဗိမာန်(Temple Of literature)၊ ဗီယက်နမ်နိုင်ငံ၏ သက်တမ်း အရင့်ဆုံး ဘုရားကျောင်း များထဲမှ တစ်ဆူ‌ဖြစ်သည့် West Lake ရှိ ဗုဒ္ဓဘာသာဝင်တို့၏ Tran Quoc ဘုရားကျောင်း၊ ရှေ့ဟောင်း မြို့တော် Hoa Lu မြို့၊ ကမ္ဘာ့ အမွေအနှစ်နေရာများဖြစ်သည့် Trang An (ထရန်အန်)၊ Holong Bay နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း သိရသည်။

 

တပ်မတော် အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများနှင့် စစ်သည် အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန် လူငယ်များအား ၂၀၂၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံသို့ သွားရောက် လေ့လာကြမည့် မျိုးဆက်သစ် ထူးချွန် ကျောင်းသား ကျောင်းသူ များ၏ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားမှုများကို ယခုကဲ့သို့ ကြားသိရပါသည်-

 

mdn

မောင်ရဲထက်ကျော်

ခြောက်ဘာသာဂုဏ်ထူးရှင်

ကျွန်တော်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူး ခြောက်ဘာသာ၊ အမှတ်ပေါင်း ၅၃၄ မှတ်နဲ့ အောင်မြင်ခဲ့ပြီးတော့ ၂၀၂၆ ခုနှစ် Grade 12 လူရည်ချွန် တစ်ယောက်လည်း ဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော်က စာမေးပွဲ အောင်ဖို့အတွက် ကျက်မှတ်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲ စာတွေကို လုံးဝ နားလည်တဲ့ အထိ လေ့လာမှတ်သားခဲ့ပါတယ်။ နားမလည်တဲ့စာတွေကိုလည်း ဆရာ ဆရာမတွေရဲ့ အကူ အညီနဲ့ ကြိုးစားလေ့လာခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် အချိန်ဇယားတွေ ရေးဆွဲခဲ့တယ်၊ စာတွေကို ပုံမှန်လုပ်တယ်၊ ကျွန်တော် အားမရတဲ့ ဘာသာတွေကို ပိုပြီးတော့ အချိန်ပေးလုပ်ဖြစ်ခဲ့ပါတယ်ခင်ဗျ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှု တွေ၊ ဆရာ ဆရာမတွေရဲ့ လမ်းညွှန် သင်ပြမှုနဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခု လို အောင်မြင်မှုမျိုး ရရှိခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။ အခု ဒီလေ့လာ ရေးခရီးစဉ်မှာ ဗီယက်နမ်နိုင်ငံရဲ့ နည်းပညာနဲ့ ပညာရေး ကဏ္ဍတွေကို အဓိကထားပြီး လေ့လာ သွားမှာပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Viettel Company ရဲ့ ဆော့ဝဲလ်တွေ အကြောင်း၊ Tele Company ရဲ့ အကြောင်းတွေကို လေ့လာသွားမှာပဲ ဖြစ်ပါတယ်။ အခုလို လေ့လာရေးခရီးစဉ်သွားရတဲ့ အခွင့်အရေးကို သေချာအသုံးချပြီးတော့ လေ့လာမှတ်သား ခဲ့သမျှတွေကို အများပြည်သူနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အကျိုးရှိစွာ အသုံးချသွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်ဟာ အများပြည်သူနဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် ဆရာဝန်ကောင်း တစ်ယောက်အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။ ညီလေး ညီမလေးတွေအတွက်ကတော့ ကိုယ့်ရည်မှန်းချက်ရှိတာကို တစိုက်မတ်မတ်လုပ်ပြီးတော့ မဆုတ်မနစ် ကြိုးစားဖို့ပဲဖြစ်ပါ တယ်။ လျှောက်တဲ့လမ်းကိုလည်း အဆုံးထိ ဆက်သွားဖို့ အားပေးချင်ပါတယ်။ အခု ကျွန်တော်တို့လို ထူးချွန်ကျောင်းသား ကျောင်းသူတွေကို လေ့လာရေးခရီးစဉ် ဆောင်ရွက်ပေးတဲ့ အတွက် နိုင်ငံတော်သမ္မတကြီးနဲ့တကွ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နောက်ပြီးတော့ ဒီ MEC က စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိလူကြီးမင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

 

mdn

မသဇင်ငြိမ်းအေး

လေးဘာသာဂုဏ်ထူးရှင်

ကျွန်မက အထက (၁) ဟုမ္မလင်း ကနေပြီးတော့မှ ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့တဲ့ နှစ်ထပ်ကွမ်း လူရည်ချွန်တစ်ယောက် ဖြစ်ပါတယ်။ Grade 12 ကာလအတွင်းမှာဆိုရင် ဆရာတွေ ချမှတ်ပေးခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း၊ လမ်းညွှန်ချက်တွေအတိုင်း၊ အချိန်ဇယားတွေ အတိုင်းကို သေသေချာချာ လိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ပုံမှန်ခြောက်ဘာသာ လုံးကို တစ်နေ့စာတစ်နေ့ မျှမျှတတနဲ့ လေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ပထမဆုံး ရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တာပါ။ ဒီဆရာဝန်ကနေပြီးတော့မှ ပရဟိတလုပ်ငန်းတွေ၊ ဆေးပညာအခြေပြုပြီးတော့မှ လူကုန်ကူး ခံရမှုနဲ့ပတ်သက်တဲ့ ပရဟိတ လုပ်ငန်းတွေလည်း လုပ်ချင်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီခရီးစဉ်ကို စီစဉ်ပေးတဲ့ လူကြီးတွေကို ကျေးဇူးတင်စကားပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့လိုမျိုး ကျောင်းသားတွေကို အထူးတလည် အခွင့်အလမ်းပေးပြီးတော့မှ နိုင်ငံသစ်မှာ အတွေ့အကြုံသစ်တွေ၊ ဗဟုသုတအသစ်တွေကို ရှာဖွေခွင့်ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ရှင့်။ ဒီဗီယက်နမ် နိုင်ငံဟာ နည်းပညာတိုးတက်တဲ့နိုင်ငံဖြစ်လို့ ဒီနိုင်ငံရဲ့ တိုးတက်နေတဲ့ နည်းပညာတွေကို ပထမဦးဆုံး လေ့လာချင်ပါတယ်။ နောက်ပြီးတော့မှ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေ၊ ရှေးဟောင်းဗိသုကာ လက်ရာတွေကို လေ့လာချင်ပါ တယ်ရှင့်။

 

mdn

ဒုတိယတပ်ကြပ် ပြည့်ဖြိုးသူ

သုံးဘာသာဂုဏ်ထူးရှင်

ကျွန်တော်က အမှတ်(၂) ပညာ ရေးကျောင်း မိတ္ထီလာမြို့မှ ပထဝီ၊ သမိုင်း၊ ဘောဂဂုဏ်ထူး သုံးဘာသာ နဲ့ အောင်မြင်ခဲ့ပါတယ်။ နှစ်စက နေစပြီးတော့ စာကိုပဲ တစိုက်မတ်မတ် သေချာအာရုံစိုက်ပြီး ကြိုးစားခဲ့ပါတယ်။ လက်ရှိခရီးစဉ်မှာ ကျွန်တော်တို့ အဓိကအနေနဲ့ကတော့ နည်းပညာပိုင်းတွေကို လေ့လာသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူတွေအတွက် အားကိုး အားထားရတဲ့ တပ်မတော် သားကောင်းတစ်ယောက် ဖြစ် လာဖို့ ရည်မှန်းထားပါတယ်ခင်ဗျ။