မော်လမြိုင် အောက်တိုဘာ ၂၀
ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဂျပန်နည်းပညာသုံး ရေဆိုးသန့်စင်စနစ် ရှင်းလင်း တင်ပြခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ Pure Care Co., Ltd. ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အထောက် အကူပြုနိုင်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်သည့် ဂျပန် နည်းပညာသုံး ရေဆိုးသန့်စင် စနစ်၏ လုပ်ငန်းဆောင်ရွက်ပုံများ၊ နည်းပညာဆိုင်ရာ အားသာချက်များနှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်မည့် အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ရေဆိုးသန့်စင်စနစ် နည်းပညာနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကုမ္ပဏီ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်ကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍ မြှင့်တင်ရေးတို့တွင် ရေသန့် စင်သည့် နည်းပညာသစ်များ အသုံးပြုနိုင်ရေး ဆိုင်ရာများ၊ ရေဆိုးသန့်စင်စနစ် စနစ်တကျ စီမံခန့်ခွဲနိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး ရေဆိုးသန့်စင်စနစ် နည်းပညာ၏ ပုံစံငယ်ဖြင့်ပြသမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကမ်းနားလမ်းတွင် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေနိုင်ရေးအတွက် မော်လမြိုင်မြို့ ကမ်းနားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ဆိုလာမီးတိုင်များဆောင်ရွက်နေမှု၊ ပလက်ဖောင်းလက်ရန်းများ ပြုပြင်ဆေးသုတ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မော်လမြိုင်မြို့၏ သံလွင်ဥယျာဉ်အား သာယာလှပပြီး ခေတ်မီဆန်းသစ်သည့် အပန်း ဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လာရောက်အပန်းဖြေကြသူများ ပျော်ရွှင်စိတ်အေးချမ်းသာမှု ရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်ရေးကို အထူးဂရုပြု ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


