သန္တာကျောက်တန်းတည်ဆောက်သည့် သန္တာမျိုးစိတ် ၄၄ ရာခိုင်နှုန်း မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရ

ဆစ်ဒနီ  အောက်တိုဘာ  ၂၀

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် အပူဒဏ်သည် သန္တာကျောက်တန်းတည်ဆောက်သည့် သန္တာမျိုးစိတ် များအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ပြီး ယင်းမျိုးစိတ်များအနက် ၄၄ ရာခိုင်နှုန်းခန့်သည် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရကြောင်း သုတေသနအသစ်တစ်ရပ်က  ဖော်ပြသည်။

ဩစတြေးလျအဏ္ဏဝါသိပ္ပံ သုတေသနဌာနနှင့် ကွင်းစလန်းတက္ကသိုလ်အပါအဝင် အဖွဲ့အစည်းများမှ သုတေသီများသည် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ(IUCN)၏ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များစာရင်းတွင် ပါဝင်သည့် သန္တာမျိုးစိတ်များ၏ ထိန်းသိမ်းရေးအခြေအနေကို ပြန်လည်အကဲဖြတ်ခဲ့ကြသည်။ ယင်းလေ့လာမှုသည် ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် အကဲဖြတ်မှုကို ပြန်လည်ဆန်းစစ်ထားခြင်း ဖြစ်သည်။

အကဲဖြတ်နိုင်ခဲ့သည့် သန္တာ မျိုးစိတ် ၇၇၄ မျိုးအနက် ၃၄၀  ကို မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းတို့အနက် ၃၃ မျိုးကို  မျိုးသုဉ်းရန်  အလွန်အမင်းအန္တရာယ်ရှိသည့် အဆင့်၊ ၂၅၁ မျိုးကို မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် အဆင့်နှင့်  ၅၆  မျိုးကို မျိုးသုဉ်းနိုင်ခြေရှိသည့် အဆင့်တို့အဖြစ်  သတ်မှတ်ထားကြောင်း သိရသည်။

Nature    သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည့် သုတေသနအရ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့်  သန္တာမျိုးစိတ်များ၏  ၉၃ ရာခိုင်နှုန်းအတွက်  လာမည့် နှစ်ပေါင်း ၃၀ အတွင်း အပူဒဏ်သည် အဓိကခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း သိရသည်။

ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်းကြောင့်  သန္တာကျောက်တန်းများ အရောင်ဖျော့ခြင်းဖြစ်စဉ်  ပိုမိုမကြာခဏဖြစ်ပွားလာပြီး သန္တာကျောက်တန်းဂေဟစနစ်များအပေါ် ဖိအားများတိုးလာလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ခြင်းနှင့် သန္တာကျောက်တန်းများ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့သည် သန္တာမျိုးစိတ်များနှင့် ယင်းတို့၏ ဂေဟစနစ်များကို ကာကွယ်ရာတွင် အရေးပါကြောင်း သုတေသီများက ထောက်ပြထားသည်။

ဆင်ဟွာ