နေပြည်တော် အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် အခြေခံပညာအဆင့် အာကာသပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားပြီး မြန်မာ အာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် နေပြည်တော်ကောင်စီဝင်များနှင့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြန်မာအာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြား၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်အား ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်တို့ တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခုနစ် ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးများက လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို အွန်လိုင်းစနစ်ဖြင့် ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခုနစ်ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


