ဖလမ်း အောက်တိုဘာ ၂၀
စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကျပန်းစကားပြော ပြိုင်ပွဲကို နိုင်ငံတော်၏ အနာဂတ် သားကောင်းရတနာများ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးသည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန်၊ စာဖတ်သည့် ဝါသနာနှင့် စာဖတ်သည့်အလေ့ အကျင့်ကောင်းများ ပိုမိုတိုးပွား လာစေရန်၊ စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုသုတများကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကျပန်းစကားပြော ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်သည် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ကော်မတီဝင်များနှင့် အတူ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် ချင်းပြည်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့က အမှာစကားပြောကြားပြီး အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ ပထမဆုရအမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ဘွဲလျန်ထန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ ပထမဆုရအမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ဆွီးငွန်မန်းတို့က ကျပန်း စကားပြော တင်ဆက်ကြသည်။
ယင်းနောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
ယနေ့ နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)ရုံး၊ ဦးစီးအရာရှိ (မြို့ပြ)နေအိမ်၊ နှစ်ခန်းတွဲဝန်ထမ်း အိမ်ရာနှစ်လုံး ပြုပြင်ပြီးစီးမှု အခြေအနေနှင့် ရုံးလုပ်ငန်းဆောင် ရွက်နေမှုများကို လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု အခြေအနေများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ ရုံးအဆောက် အအုံများအား နိုင်ငံတော်မှ အကုန်အကျခံကာ ပြန်လည် ပြုပြင်ပေးပြီး ဖြစ်သည့်အတွက် အဆောက်အအုံများအား အကျိုးရှိရှိ အသုံးချ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ အခြေခံအဆောက်အအုံ များအား ပြန်လည်ပြုပြင် တည်ဆောက်၍ ကောင်းမွန်လာပြီ ဖြစ်သည့်နည်းတူ ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


