မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း ဂိုးပြတ်အနိုင်ရပြီး သစ္စာအားမာန်အသင်း အမှတ်ပြည့်ရရှိ

ရန်ကုန်     အောက်တိုဘာ    ၂၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်က  ကြီးမှူး၍  Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ   ပွဲစဉ်(၁၁) ဒုတိယနေ့ကို အောက်တိုဘာ ၂၀ ရက်က ဆက်လက်ကျင်းပရာ   အား/ကာသိပ္ပံအသင်းနှင့်  သစ္စာအားမာန်အသင်းတို့ နိုင်ပွဲရရှိသည်။

ပဒေသာကွင်း၌ကျင်းပသည့်ပွဲတွင်  အား/ကာသိပ္ပံအသင်းက   ရန်ကုန်စီးတီးအသင်းကို  လေးဂိုးပြတ်အနိုင်ရရှိသည်။   ဒုတိယနေရာမှ  လက်ရှိချန်ပီယံ ဧရာဝတီအသင်း နိုင်ပွဲပျောက်ဆုံးမှုကို အား/ကာသိပ္ပံအသင်း အခွင့်ကောင်းယူခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနှင့်အတူ အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့သည်။   အား/ကာသိပ္ပံအသင်းသည်   ပထမပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ၂ မိနစ်တွင် မိုးမမစိုး၊ ၁၁ မိနစ် တွင် လင်းမြင့်မိုရ်၊ ၃၅၊ ၄၄ မိနစ်တွင် သန်းသန်းနွယ်တို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို အား/ကာသိပ္ပံအသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့်  သန်းသန်းနွယ်က  ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သစ္စာ အားမာန်အသင်းသည် နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး မြဝတီအသင်းဂိုးသမား အိတာရာသည် ပင်နယ်တီ အပါအဝင် သေချာပေါက် ဂိုးသွင်းခွင့်အချို့ကို ကာကာကွယ်နိုင်ခဲ့သဖြင့် သစ္စာအားမာန်အသင်း အနိုင်ရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများကို ၈၈ မိနစ်တွင် ဖြူနှင်းသွယ်၊ ၉၀+၁ မိနစ်တွင် ငယ်ငယ်ထွေးတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို သစ္စာအားမာန်အသင်းမှ ဝေဖူးအိမ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၁၁) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌  ဇွဲကပင်ယူနိုက်တက်အသင်းနှင့်  Young Lionesses အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ညီညီမင်း (ML)