နေပြည်တော် အောက်တိုဘာ ၂၀
ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကျော်ကျော်ဦးနှင့်အတူ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ (လေ့ကျင့်) ဦးဝင်းမြင့်၊ အုပ်ချုပ်သူ/နည်းပြများနှင့် မသန်စွမ်းအားကစားသမား စုစုပေါင်း ၁၅ ဦးတို့သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းမှစတင်၍ ပြေးခုန်ပစ်၊ ရေကူးအားကစားနည်း နှစ်နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာမသန်စွမ်း ရေကူးအားကစားအဖွဲ့သည် ယနေ့ မသန်စွမ်းရေကူးအားကစားနည်း အမျိုးသား မီတာ ၅၀ ရင်ပေါင်တန်းကူး (Men’s 50 m Breast-stroke SB3 ) ပြိုင်ပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ ကာဇက်စတန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ညီညီလင်းထက်က ၅၉.၃၀ စက္ကန့် ဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ကြေးတံဆိပ်ဆု ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။
မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် အောက်တိုဘာ ၂၁ ရက် ၁၈:၅၀ နာရီတွင် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲများအဖြစ် အမျိုးသားမီတာ ၁၀၀ ပြေးခုန်ပစ် ပြိုင်ပွဲ၌ မြန်မာအသင်းမှ စိုးပေကလည်းကောင်း၊ ၁၉:၅၈ နာရီတွင် အမျိုးသမီး မီတာ ၁၀၀ ပြေးခုန်ပစ်ပြိုင်ပွဲတွင် လော်လာဝင်းတို့ကလည်းကောင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရေကူးအားကစားနည်းမှ ပြိုင်ပွဲယှဉ်ပြိုင် ရန်မရှိပါကြောင်းနှင့် အောက်တိုဘာ ၂၂ ရက်တွင် မြန်မာအသင်းမှ ညီညီလင်းထက်က အမျိုးသား မီတာ ၁၅၀ တစ်ဦးချင်း လေးမျိုးကူးနှင့် ၂၃ ရက်တွင် မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတို့ကိုလည်းကောင်း အသီးသီးဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


