မုံရွာစက်မှုဇုန်ရှိ ရွှေကံ့ကော်ဝါကြိတ်စက်ရုံမှ တစ်ရက်လျှင် ကုန်ချောပိဿာ ၄၅၀ ထုတ်လုပ်ပေးလျက်ရှိ

မုံရွာ အောက်တိုဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစက်မှု ဇုန်အတွင်းရှိ ဝါကြိတ်စက်ရုံလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသည့် အဆင့်မြှင့်ကုန်ချောပစ္စည်းများဖြင့် အဝတ်အထည်များ ထုတ်လုပ်ကာ ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါစိုက် တောင်သူများ စီးပွားရေးအဆင်ပြေကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့အတွက် မုံရွာစက်မှုဇုန်ရှိ ရွှေကံ့ကော်ဝါကြိတ်စက်ရုံမှ တစ်ရက်လျှင် ကုန်ချောပိဿာ ၄၅၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရ သည်။

 

ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အဆိုပါစက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း ဝါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု၊ ကုန်ကြမ်းရရှိမှုနှင့် ဝါသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဝါကုန်ချော ပစ္စည်းများ စနစ်တကျသန့်စင်ထုတ်လုပ်ကာ အရည်အသွေးပြည့်မီသည့် ဝါကုန်ချောများ ထုတ်လုပ်သွားရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ဆက်လက်၍ မုံရွာစက်မှုဇုန်ရှိ ဦးဆွေတင့်၏ ဝါကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက စက်ရုံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဝါကုန်ချောများ ဈေးကွက်အတွင်း ဈေးကောင်းရရှိရေး၊ လျှပ်စစ်မီး ပြည့်မီစွာရရှိရေးနှင့် ဝါကုန်ကြမ်းများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဝါစိုက်တောင်သူများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကြိုတင်စီမံဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)