ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ    အောက်တိုဘာ    ၂၀

မကွေးတိုင်းဒေသကြီး ၊  မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင်  သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အတွက် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို အောက်တိုဘာ ၁၉ ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့မဈေးကြီးသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးသူဈေးသားများနှင့် တွေ့ဆုံကာ ဈေးရောင်းဈေးဝယ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသော ပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်၊ ဈေးဝယ်ရန်လာရောက်သည့်အခါ မိမိတို့နေအိမ်မှ ထည့်စရာတစ်ခုခုကို တစ်ပါတည်း ယူဆောင်လာကြရန်၊ ဈေးသူဈေးသားများအနေဖြင့် ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့‌နောက် ဝန်ထမ်းများက မြို့နယ်အတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် မြို့မဈေးအတွင်း၊ အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများကို အသိပညာပေးလက်ကမ်းစာစောင်များ၊ အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက် ၊ စက္ကူတို့ကို အခမဲ့လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)