နောင်ချိုမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၉

 

နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက်မွန်းလွဲ ၃ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် မကျီးရေ ကျေးရွာအနီးတွင် မိုင်းရယ်မှ မန္တလေးသို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းလေးရွာနေ မျိုးသန့်ထက် (၃၄)နှစ် မောင်းနှင်ပြီး ဒိုက်ဦးမြို့နယ် အောင်စိုးမိုးရွာနေ မခတ္တာဖူး လိုက်ပါလာသော Hino Van အမျိုးအစား မော်တော်ယာဉ် အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄၄ သိန်း (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံ)နှင့် ဘိန်းညိုမှုန့် ကီလို ၁၆၀ (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သုည ဒသမ ၈ ဘီလီယံ)ကို သိမ်းဆည်းရမိခဲ့သည်။

 

သတင်းကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် အဆိုပါနေရာ၌ သီပေါမှ နောင်ချိုသို့ လားရှိုး မြို့နယ် နောင်မိုရွာနေသူများဖြစ် သည့် စိုင်းညွန့်ဆွေ (၂၈)နှစ် မောင်းနှင်ပြီး စိုင်းအောင်ပွင့် (၃၁)နှစ် လိုက်ပါလာသော Mitsubishi Canter အမျိုးအစားယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၅၀)ကို ဆက်လက် သိမ်းဆည်းရမိသဖြင့် မျိုးသန့်ထက်၊ မခတ္တာဖူး၊ စိုင်းညွန့်ဆွေနှင့် စိုင်းအောင်ပွင့်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ထို့အတူ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ကျိုင်းတုံ မြို့နယ် နမ့်အော်ရွာအနီး ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းတွင် ကျိုင်းတုံမြို့နယ် ဘန်ကြူးရွာနေ ကျလား(၂၃)နှစ် မောင်းနှင်လာသော HONDA WAVE i အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၅၀)ကို သိမ်းဆည်းရမိသဖြင့် ကျလားအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

 

သတင်းစဉ်