နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ သင်တန်းများ ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၁၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ တိုင်းရင်းသား/ တိုင်းရင်းသူများအား အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အဖြစ် စက်မှုကျောင်းလေးကျောင်း၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့် အိမ်တွင်းမှုသင်တန်းကျောင်း ၂၀ ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတို့ကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်း၌ ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲများသို့ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ မုဒုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ လွိုင်ကော်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မြိုင်ကြီးငူ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အောင်ပန်းမြို့ စက်မှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ထားဝယ်မြို့ စက်မှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဘားအံမြို့ စက်မှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လပွတ္တာမြို့ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဆိုက်ခေါင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အဖွဲ့ဝင်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်း ရေးမှူးတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။

 

အဆိုပါ စက်မှုသင်တန်းကျောင်းတွင် သင်တန်းသား သင်တန်းသူ ၁၇၀ နှင့် အိမ်တွင်းမှုသင်တန်း ကျောင်းများတွင် သင်တန်းသား သင်တန်းသူ ၅၄၀ စုစုပေါင်း ၇၁၀ တက်ရောက်၍ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်​မှ ၂၀၂၇ ခုနှစ် မတ် ၁၉ ရက် အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။

 

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ စက်မှုကျောင်းများတွင် သင်တန်းသား သင်တန်းသူ ၇၂၁၆ ဦးနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသူ ၉၈၆၅၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်