ရန်ကုန် အောက်တိုဘာ ၁၉
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ ပွဲစဉ်(၁၁) ပထမနေ့ကို အောက်တိုဘာ ၁၉ ရက်က စတင်ကျင်းပရာ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း သရေကျကာ ရန်ကုန်ယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
သန်လျင်စတားစီးတီးကွင်း၌ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း ဂိုးမရှိ သရေကျခဲ့သည်။ ပထမအကျော့တွင် တစ်ဂိုးစီသရေကျခဲ့သလို ယခုပွဲတွင်လည်း သရေထပ်ကျကာ နှစ်ကျော့စလုံး အရှုံးအနိုင်မပေါ်ခဲ့ပေ။ နှစ်သင်းစလုံး ရာသီဝက်အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသားကစားသမားများ ပြောင်းလဲထားပြီး ဒဏ်ရာရကစားသမားများမှလွဲ၍ လူစုံနီးပါး ပါဝင်ခဲ့သည်။ လက်ရှိချန်ပီယံ ဧရာဝတီအသင်းအနေဖြင့် အမာခံကစားသမားအချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သည့်အပြင် နိုင်ငံခြားသားကစားသမားသစ်များနှင့် အံဝင်ခြင်းမရှိသေးသောကြောင့် ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ နှစ်သင်းစလုံး ဂိုးရနိုင်သည့်အပိုင်အခွင့်အရေးအချို့ အသုံးမချနိုင်သဖြင့် ဂိုးမရှိသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ဧရာဝတီ နောက်ခံလူ ဇွန်ယုယဦးမှရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်းရရှိခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄၆ မိနစ်တွင် ဇင်မိုးပြည့်၊ ၈၈ မိနစ်တွင် ဆွေမာအောင်နှင့် ၉၀+၃ မိနစ်တွင် မေသန့်ဇင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်မှရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိခဲ့သည်။
ပွဲစဉ် (၁၁) ဒုတိယနေ့ကို အောက်တိုဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် မြဝတီ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


