အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၉

 

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၀) အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ် အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံ ရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေး မှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်သူများနှင့် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေး ကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ် မရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ဆွေးနွေးမှုများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်၊ ဖြည့်စွက်ရန် ၄၃ ချက် သဘောတူနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးသွားရန် နိုင်ငံတော်သမ္မတက ပေးပို့ထားပြီးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေ သည့် အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ ကွန်ရက်ကို အသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ရန်လို ကြောင်း၊ ဘာသာပေါင်းစုံကွဲပြားနေသော ပြည်သူများကို နိုင်ငံရေး ပါတီများက ပေါင်းစည်းပေးစေလို ပြီး လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်အဖွဲ့အနေဖြင့် နေရပ် စွန့်ခွာသူများအား ကူညီဆောင်ရွက်ပေးနိုင်ရေး လှုပ်ရှားမှုများကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင် ကြောင်း၊ နေရပ်ပြန်မည့် နေရပ်စွန့်ခွာသူများအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာ မူဝါဒများ ဆွေးနွေးရန်နှင့် အစိုးရ၏ လုပ်ဆောင်ချက်များတွင် ပေါင်းစပ် အကူအညီပေးစေလိုကြောင်း၊ ကယား၊ ချင်း၊ ပအိုဝ်း ဒေသများရှိပြည်သူများ၏ နေရပ် ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို ကူညီဖြေရှင်းပေးစေ လိုကြောင်း၊ နိုင်ငံရေးပါတီများ သည် ပြည်သူလူထုကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မီဒီယာကိုအသုံးချ၍ အစိုးရနှင့် ပြည်သူ၊ တပ်မတော်နှင့် ပြည်သူ၊ ပြည်သူနှင့်ပြည်သူအကြား အမြင်ကွဲပြားအောင် ဆောင်ရွက်နေကြကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်ရေးအတွက် ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆို ချက်များ အပေါ်တွင် လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေး ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ အစုအဖွဲ့ကို စုဖွဲ့မှုပုံစံအသစ် စုဖွဲ့ ပေးထားသဖြင့် တွေ့ဆုံဆွေးနွေးမှုသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ယခင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးသာ ဆွေးနွေးခဲ့ ကြပြီး ယခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ ပါဝင်ဆောင်ရွက်ခွင့်ပေးသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရေးပါတီများ အနေဖြင့် မည်သို့ဖွဲ့စည်းပြီး မည်သို့ပါဝင်ဆောင်ရွက်သွား သင့်သည်ဆိုသည်ကို ဆွေးနွေး သွားကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ဆောင်ရွက်ရေး ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ် ခံစားနေကြရသော ဒေသခံပြည်သူများ၏ လိုလားချက်များ၊ တောင်းဆိုမှုများအား သိရှိအောင် ဆောင်ရွက်ပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင် ပေးသွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဆွေးနွေးမှုအစီအစဉ် အတိုင်း ဆက်လက်ဆောင်ရွက်ကြ ရာ နိုင်ငံရေးပါတီများ အစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေးအတွက် ကြားဝင်စေ့စပ် ဆောင်ရွက်ရာတွင် ပါတီအစုအဖွဲ့ မှ လုပ်ဆောင်သွားမည့် အစီအစဉ်ကို အချင်းချင်းညှိနှိုင်းပြီး ညှိနှိုင်းရေးကော်မတီသို့ တင်ပြသွားမည့် ကိစ္စ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်သဘော ထားများကို ဆန်းစစ်ကောက်ယူ ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင်ဆောင် ရွက်ပေးနိုင်မည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ချိတ်ဆက်ဆောင်ရွက်သွားရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်လိုပြီး အစိုးရနှင့် ပြည်သူအကြား လူမှုသဟဇာတ ဖြစ်ပေါ်စေရေးအစီအမံများ ချမှတ်ဆောင်ရွက်ရေးနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို ဒေသအလိုက် ငြိမ်းချမ်းရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်ဆောင်ရွက်သွားမည့် ကိစ္စတို့ကို ဆွေးနွေးကြသည်။

 

ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံရေးပါတီ မျာအနေဖြင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ်တွင် ကျယ်ပြန့်စွာ သိရှိနားလည်ပြီး နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒများ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပိုမိုလေးနက်စွာနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပိုမို အထောက်အကူပြုရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ထိတွေ့ဆက်ဆံရေး၊ ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းရေး၊ ဒေသအလိုက်မတူညီသော အခြေအနေများအပေါ် အခြေခံပြီး နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ တိုင်းဒေသကြီး / ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် နည်းလမ်းများ၊ မီဒီယာနှင့် လူထု ထိတွေ့ဆက်ဆံရေး လိုအပ်ချက်များနှင့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်း တင်ပြဆွေးနွေးသည်။

 

ယင်းနောက် ပထမနေ့ဆွေးနွေးပွဲကိုရပ်နားပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို အောက်တိုဘာ ၂၀ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်