နေပြည်တော် အောက်တိုဘာ ၁၉
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နယ်မြေရှင်းလင်းခြင်းနှင့် လမ်း/တံတားပြုပြင်ခြင်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးရုံ အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ပေး၍ ကျန်းမာရေး ဝန်ထမ်းများ ခန့်အပ်ပေးနိုင်ရေး၊ နိုင်ငံတကာတက္ကသိုလ် များနှင့်ချိတ်ဆက်၍ ပညာသင်ဆုများ ပိုမိုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ ကိုယ်ပိုင်ကျောင်း/ပုဂ္ဂလိက ကျောင်းအမည်များကို မြန်မာ ဘာသာဖြင့် ဆောင်ရွက် ပေးရေး၊ ပညာရေးဝန်ထမ်းများအား ရာထူးတိုး ပြောင်းရွှေ့ခန့်ထားရာတွင် “စံ”များထားရှိပေးနိုင်ရေး၊ ပုဂ္ဂလိကကျောင်းများနှင့် ပြည်ပနိုင်ငံများမှရရှိသော ဘွဲ့များအား အသိအမှတ်ပြုထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၈ ခု မေးမြန်းဖြေကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၏ ကျောက်ကြီးမြို့နယ် ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိလမ်းအား လုံခြုံရေးဆောင်ရွက်ခြင်း၊ နယ်မြေရှင်းလင်းခြင်းနှင့် လမ်း/တံတား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က ကျောက်ကြီး - နတ်သံကွင်း လမ်းပေါ်ရှိ ရန်မျိုးအောင် ကျေးရွာမှ အင်းသဘောက်တံတားအထိ ၃ ဒသမ ၄ မိုင် လမ်းပိုင်းနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများကို နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းခြင်း လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပြီးပါက မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ လမ်း/တံတား များပြုပြင်ခြင်း၊ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ကုန်ကျစရိတ်များတွက်ချက် ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေရရှိမှုပေါ် မူတည်၍ ပြုပြင်တည်ဆောက်ရန် လျာထားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါလမ်းပိုင်းအား ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ပြီးမှသာ ပြည်သူများ ပုံမှန် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းဆတ်မဲဆန္ဒနယ်မှ ဦးစိုင်းမိုးဇော်ဦး၏ မိုင်းဆတ်ခရိုင်ရှိ ခုတင်(၅ဝ)ဆံ့ ဆေးရုံအား ခုတင် (၁ဝဝ)ဆံ့အဖြစ် တိုးမြှင့်သတ်မှတ်ပေးပြီး လူနာဆောင် များ အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မိုင်းဆတ်မြို့ ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ၏ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၂ဝ၂၃ ခုနှစ်တွင် ၁၇ ဦး၊ ၂ဝ၂၄ ခုနှစ်တွင် ၁၈ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၉ ဦး သုံးနှစ် စာပျမ်းမျှခြင်းအနေဖြင့် ၁၈ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းမှာ ၂ဝ၂၃ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်း၊ ၂ဝ၂၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်း သုံးနှစ်စာပျမ်းမျှခြင်းအားဖြင့် ၃၆ ရာခိုင်နှုန်း သာရှိကြောင်း စိစစ်တွေ့ရှိရပါသဖြင့် လတ်တလောခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်တွင် ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုများလာပါက ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တိုးချဲ့လူနာဆောင်များကို မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံအားခုတင် (၅၀) မှ ခုတင် (၁၀၀) ဆံ့ ခရိုင်ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိပြီးသောအခါ အဆောက်အအုံလိုအပ်ချက်ရှိပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (တာဟန်း) နှင့် ကျေးလက် ကျန်းမာရေးဌာန (တာဟန်း) တို့အား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေး မည်နှင့် ကျန်းမာရေးဝန်ထမ်းများအား ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွန်းက စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး (တာဟန်း) လေးထပ်ဆောင် ဆောက်လုပ် နေမှုအား ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ၂ဝ၂၆-၂ဝ၃၀ ခုနှစ် ငါးနှစ်တာစီမံကိန်းတွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန (တာဟန်း) စံကိုက်အဆောက်အအုံ ဆောက်လုပ် ပေးနိုင်ရန် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကျန်းမာရေးမှူး ၄၃ ဦး ခန့်ထားပေးလျက်ရှိပြီး တာဟန်းကျေးလက် ကျန်းမာရေးဌာနတွင် အမျိုးသမီး ကျန်းမာရေးဆရာမ တစ်ဦး၊ သားဖွားဆရာမ တစ်ဦး၊ ကျန်းမာရေးမှူး(၄) နှစ်ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၃၇ မြို့နယ်ရှိရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ကျန်းမာရေးမှူးများအား လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို ပြောင်းရွှေ့တာဝန်ချထားပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး တာဟန်းကျေးလက်ကျန်းမာ ရေးဌာနတွင် ကျန်းမာရေးမှူး တစ်ဦးအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်မှစ၍ တာဝန်ချထားပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကလေးခရိုင် တာဟန်းကျေးလက်ကျန်းမာ ရေးဌာနတွင် လစ်လပ် လျက်ရှိသော ဌာနစောင့်တစ်ဦး ခန့်ထားပေးရန်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နေ့စားဝန်ထမ်းခုနစ်ဦးအား အမြဲတမ်းဝန်ထမ်းများအဖြစ်သို့ ခန့်ထား ပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်၏ ဘိုကလေးမြို့နယ် ဟေမန်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ဟေမန် ကျေးလက်ကျန်းမာရေးဌာန၏ အထွေထွေဆေးခန်းလာ လူနာသစ်/ လူနာဟောင်းဦးရေမှာ ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အတွင်း သိသာစွာတိုးတက်လာမှုမရှိခြင်း၊ လွှမ်းခြုံလူဦးရေ ၃၀၀၀၀ ကျော်ရှိသော်လည်း အနီးဆုံး ဆေးရုံများသို့ သွားရောက်ရန် ၄၅ မိနစ်မှ ၁ နာရီခွဲသာ ကြာမြင့်ခြင်း၊ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် မြေနေရာ အကျယ်အဝန်း လုံလောက်မှုမရှိခြင်းတို့ ကြောင့် ဟေမန်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန်လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားသည်။
ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၏ ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာ တက္ကသိုလ်များ ချိတ်ဆက်၍ ပညာသင်ဆုများ ပိုမိုရရှိရေး ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မောင်သိန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ နိုင်ငံတကာအဆင့်မီပညာရေးသင်ယူနိုင်ရေးနှင့် နိုင်ငံတကာပညာသင်ဆု အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာ တက္ကသိုလ်များ အကြား ပညာရေး၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်လျက်ရှိရာ ပါရဂူဘွဲ့အတွက် ၈၁ ဦး၊ မဟာဘွဲ့အတွက် ၂၆ ဦး၊ ဒီပလိုမာ သင်တန်းအတွက် ၁၂ ဦးနှင့် အခြားသင်တန်းများအတွက် ၁၃၂ ဦး စေလွှတ်ခဲ့ပြီး စုစုပေါင်း သင်တန်းသား ၂၅၁ ဦး စေလွှတ်ပြီးဖြစ်ပါကြောင်း။
လက်ရှိအနေဖြင့် ပြည်ပနိုင်ငံများတွင် ပါရဂူဘွဲ့တက်ရောက်ရန် စေလွှတ်ထားသော သင်တန်းသား ၃၂ ဦးရှိပြီး မဟာဘွဲ့တက်ရောက်ရန် စေလွှတ်ထားသော သင်တန်းသားသုံးဦးရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ လက်ရှိတွင် နိုင်ငံပေါင်း ကိုးနိုင်ငံသို့ ပညာတော်သင် သင်တန်းသား စုစုပေါင်း ၆၉ ဦး စေလွှတ်လျက်ရှိပါကြောင်း၊ ပြည်တွင်းတက္ကသိုလ်များ နှင့် နိုင်ငံတကာရှိတက္ကသိုလ်များ ချိတ်ဆက်၍ နိုင်ငံတကာအဆင့်မီ ပညာသင်ကြားနိုင်ရန်နှင့် ပညာသင်ဆုများရရှိရေးအတွက် (MoU) နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပညာသင်ဆုများ တိုးမြှင့် ရရှိစေရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်၏ ပုဂ္ဂလိကပညာရေးဥပဒေအရ ဒုတိယအမျိုးအစား ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များကို မြန်မာဘာသာဖြင့် ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပညာရေး ဝန်ကြီး ဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ(က)နှင့် (ခ)အရ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများအားလုံး၏ အမည်များ မြန်မာဘာသာဖြင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ နိုင်ငံတကာ သင်ရိုးသင်ကျောင်းများသည် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ရာတွင် လည်းကောင်း၊ အသိအမှတ်ပြုမှု accreditation ရယူရာတွင်လည်းကောင်း၊ မူရင်းအမည်မှာ ပိုမိုသင့်တော်ပါကြောင်းနှင့် တရားဝင်ရုံးသုံးစာရွက်စာတမ်းများတွင် မြန်မာဘာသာဖြင့် အသုံးပြု လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။
ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးစောမောင်၏ ပညာရေးဝန်ထမ်းများအား ရာထူးတိုးပြောင်းရွှေ့ ခန့်ထားရာတွင် “စံ” များထားရှိရေး အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်း မောင်သိန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာနရှိ သင်ကြားရေးဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုချက် ရယူပြီးသော ရာထူးအမျိုးအစားအလိုက် အနည်းဆုံးလိုအပ် သောပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ချက်များဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင်ပါရှိသော ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ တန်းစီဇယားပုံစံများဖြင့်လည်းကောင်း၊ ရာထူးတိုးမြှင့် ပြောင်းရွှေ့ခြင်း အတွက် တန်းစီဇယားမူများကို တက္ကသိုလ်များမှ သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီး ရရှိလာသောမူများဖြင့် တိကျစွာစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာအတတ်ပညာဦးစီးဌာနရှိ သင်ကြားရေး ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူး အားလုံးအတွက် ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း၊ ပြောင်းရွှေ့ လျှောက်ထားရာတွင် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်များသတ်မှတ်ခြင်း၊ အနေကြာ သတ်မှတ်ခြင်း၊ အနေကြာသတ်မှတ်ချက်မှ ကင်းလွတ်ခြင်း၊ မိသားစုပေါင်းစည်းခြင်း (ပညာရေးနှင့် အခြားဝန်ကြီးဌာန) နှင့် ရာထူးတိုး/ ပြောင်းရွှေ့အမိန့်စာများ ထုတ်ပြန်ခြင်းတို့ကို စံများသတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း။
အခြေခံပညာဦးစီးဌာနရှိ ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့ ရာထူးပြောင်း၊ ရာထူး (တာဝန်ပြောင်း)နှင့် ရာထူးဝင်ပေါက်ခန့်ထားရေးများအား အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၏ ဦးဆောင်မှုဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး (ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း) တို့ပါဝင်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ပြင်ဆင်ရေးဆွဲသတ်မှတ် အတည်ပြု၍ ခွင့်ပြုခဲ့သောသတ်မှတ်ချက်များအတိုင်း အခြေခံပညာရေးဝန်ထမ်းများ၏ ရာထူးတိုး/ ပြောင်း ကိစ္စရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနရှိ ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်းရွှေ့ခြင်း ကိစ္စများကို သတ်မှတ်ထားသည့်စံများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်း၏ ပုဂ္ဂလိက ကျောင်းများနှင့် ပြည်ပနိုင်ငံများမှရရှိသော ဘွဲ့များအား မည်ကဲ့သို့အသိအမှတ်ပြုထားကြောင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် မည်ကဲ့သို့ စီမံ ထားရှိမှုအား သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပညာသင်ကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့်သင်ကြားသော ပုဂ္ဂလိကကျောင်း များ၌ ဘွဲ့/ မဟာဘွဲ့/ ပါရဂူဘွဲ့များနှင့် ပြည်ပနိုင်ငံများမှ ရရှိထားသော ဘွဲ့များနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၈၊ ၃၉ နှင့် ၄၀ တွင် ဖော်ပြထားသော ပုဂ္ဂလိက ကျောင်းဆရာအရည်အချင်း သတ်မှတ်ချက် တစ်ရပ်ရပ်နှင့်ကိုက်ညီပါက သက်ဆိုင်ရာပုဂ္ဂလိက အခြေခံပညာ ကျောင်းဆရာအဖြစ်လည်းကောင်း၊ ပုဂ္ဂလိကအဆင့်မြင့်ပညာ ကျောင်းဆရာအဖြစ် လည်းကောင်း၊ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေး ဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်းဆရာ အဖြစ်လည်းကောင်း လျှောက်ထားနိုင်ပြီး ပုဂ္ဂလိက ကျောင်းဆရာအဖြစ် လျှောက်ထားသူများသည် DCS (Disloyal Civil Servant) ကင်းရှင်း၍ ရရှိသောဘွဲ့ မှန်ကန်မှုရှိပါက သက်ဆိုင်ရာပုဂ္ဂလိက ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေး၍ အသိအမှတ်ပြုထား ပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် လျှောက်ထားလိုပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ကြော်ငြာစာများနှင့် အညီ လျှောက်ထားနိုင်ပါကြောင်းနှင့် ပုဂ္ဂလိကကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် လည်း နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းပင် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ရပ်နားလိုက် ပြီး အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


