တီဟီရန် အောက်တိုဘာ ၁၉
အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်အပေါ် လျှော့တွက်ပါက အီရန်တပ်ဖွဲ့များ၏ ပြင်းထန်သည့် တုံ့ပြန်တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံက အောက်တိုဘာ ၁၈ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ကြေညာ
တစ်ချိန်တည်းမှာပင် တင်းမာမှုများမြင့်တက်လာနေသည့်အခြေအနေ၌ ဒစ်ဂျစ်တယ် အချက်အလက်စီးဆင်းမှုများကို ကြီးကြပ်ကွပ်ကဲမည့် ဒေသတွင်း အာဏာပိုင်အဖွဲ့တစ်ခုဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်းလည်း တီဟီရန်က ကြေညာခဲ့သည်။
၎င်းတို့ဘက်မှ လျှော့တွက်ပါက ရင်ဆိုင်ရမည့် တုံ့ပြန်မှုများသည် အတိတ်ကာလထက် ပြင်းထန်မည်ဟု အီရန်လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဦးစီးချုပ် အလီအဒိုလာဟီက ပြောကြားသည်။
အီရန်တပ်ဖွဲ့များအနေဖြင့် ယခင်က ဖြစ်ခဲ့သည့် စစ်ပွဲများထက် ရန်သူများအား ပိုမိုထိခိုက်ဆုံးရှုံးစေနိုင်မည့် အစီအမံတစ်ရပ်အား ပြင်ဆင်နေကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး မိုဆန်ရာဇီက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။ အီရန်နိုင်ငံက ယခုဆောင်ရွက်မည့် စစ်ဆင်ရေး အစီအမံသစ်သည် ၎င်းတို့သိကျွမ်းသည့် စည်းမျဉ်းများနှင့် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
အီရန်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို ကူညီပံ့ပိုးပေးနေသည့် သို့မဟုတ် ကလေးငယ်များကို သတ်ဖြတ်ရာတွင် ကူညီနေသည့် မည်သည့်ဉာဏ်ရည်တုနှင့် ဒေတာအချက်အလက်ဆိုင်ရာ ကုမ္ပဏီကိုမဆို အရင်းအမြစ်များ မထောက်ပံ့ကြရန် အနောက်အာရှဒေသတွင်းရှိ အစိုးရများနှင့် လုပ်ငန်းများအား အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘက်ကွာကွာလစ်က မေတ္တာရပ်ခံခဲ့သည်။
အီရန်နိုင်ငံသည် ဒေသတွင်း ဒစ်ဂျစ်တယ်အချက်အလက်များ စီးဆင်းမှုကိုထိန်းချုပ်ရန်အတွက် “ပါရှန်ပင်လယ်ကွေ့ အချက်အလက်ဆိုင်ရာ အာဏာပိုင်အဖွဲ့” ဟု အမည်ပေးထားသည့် အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ


