ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၉

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် တရားလွှတ်တော် ရှေ့နေများ၊ အထက်တန်း ရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တရားစီရင်ရေးမဏ္ဍိုင်တွင် ပါဝင်ဆောင်ရွက်နေကြသူ များအနေဖြင့် လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက် လေ့လာသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး (၃) ရပ်ရှိသည့် အနက် မိမိတို့လွှတ်တော်သည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးကြောင်း၊ မိမိတို့လွှတ်တော်များသည် တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် ခေတ်ကာလ အခြေအနေနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ လိုအပ်ပါက ဥပဒေ အသစ်များ ပြဋ္ဌာန်းခြင်းဖြင့် ဥပဒေပြုတာဝန်ကို လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ အသံကို မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုခြင်း တာဝန်ကိုလည်းကောင်း၊ အခြားမဏ္ဍိုင်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူနှင့်အစိုးရကြား ပေါင်းကူးပေးရသည့် တာဝန်ကို လည်းကောင်း ထမ်းဆောင်လျက်ရှိပြီး အဆိုပါတာဝန်များကို မိမိတို့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကော်မတီများသည် လွှတ်တော်၏ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ တည်ဆဲဥပဒေများကို လိုအပ်ပါက ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေး စိစစ်လေ့လာလျက်ရှိကြောင်း၊ ယခုတက်ရောက်လာသူများသည် ဥပဒေများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်၍ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံဉာဏ်များ ပြုနိုင်ကြောင်း၊ မိမိတာဝန် ထမ်းဆောင်နေသည့် ကာလအတွင်း စွမ်းရည်မြင့်မားပြီး ပြည်သူကိုဗဟိုပြုသော ခေတ်မီ လွှတ်တော်တစ်ရပ် ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကို ပြည်သူများ ပိုမိုသိရှိပြီး အားကိုးအားထား ပြုသည့်မဏ္ဍိုင် ဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူများ၏ အသံနှင့် ဆန္ဒများနှင့်စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းဆောင်ရွက်နေမှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရသည့်အတွက် လွှတ်တော်သည် ပြည်သူနှင့် တစ်သားတည်းရှိသည်ကို တွေ့ရှိရသဖြင့် အားရကျေနပ်မိပါကြောင်း၊ ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီ နည်းလမ်းကျစွာ ဆောင်ရွက်နေမှုများသည် အရွေ့တစ်ခုသို့ ရောက်ရှိနေသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ လွှတ်တော်သည် ပြည်သူများ အတွက် အရေးကြီးသည့်မဏ္ဍိုင် တစ်ခုဖြစ်ပြီး လာရောက်လေ့လာသင့်သည့် နေရာတစ်ခုဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။

 

သတင်းစဉ်