ဒါအက်စလန် အောက်တိုဘာ ၁၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကင်ညာနိုင်ငံတို့တွင် အီဘိုလာရောဂါကူးစက်မှုများတွေ့ရှိခဲ့ပြီးနောက် တန်ဇန်းနီးယားနိုင်ငံက နိုင်ငံအတွင်းဝင်ရောက်လာသည့် ပြည်ပခရီးသွားများအား ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများ တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တန်ဇန်းနီးယားနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ မထွက်ခွာမီနှင့် နိုင်ငံအတွင်း ရောက်ရှိသည့်အချိန်တွင် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးစစ်ဆေးထားသည့် ပုံစံများကို ဖြည့်စွက်ပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ခရီးသွားလာခြင်းဆိုင်ရာ လမ်းညွှန်ချက်အရ သိရသည်။
ခရီးသွားများအနေဖြင့် ဝန်ကြီးဌာန၏ အွန်လိုင်းပေါ်တယ်မှတစ်ဆင့် မှန်ကန်သောအချက်အလက်များကို ဖြည့်သွင်းရမည်ဖြစ်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်ရာနေရာရှိ ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးနိုင်ရန်အတွက် ကျူအာကုဒ် သို့မဟုတ် ရည်ညွှန်းနံပါတ်တစ်ခုခုကို သိမ်းဆည်းထားရှိရမည်ဖြစ်ကြောင်း ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်တွင် ညွှန်ကြားထားသည်။
လေဆိပ်များ၊ ကုန်းလမ်းနယ်စပ်ဂိတ်များနှင့် ပင်လယ်ဆိပ်ကမ်းများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် ခရီးသွားအားလုံးသည် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။
အီဘိုလာရောဂါလက္ခဏာများနှင့် အခြားကူးစက်ရောဂါများရှိသည်ဟု သံသယရှိသူများအား ရောဂါစစ်ဆေးရေးလုပ်ငန်းများနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် ခရီးသွားများအား အလိုအလျောက် သတိပေးချက်များပေးပို့ခြင်းနှင့် အခြားဆက်သွယ်ရေးနည်းလမ်းများဖြင့် ၂၁ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ခရီးသွားများအနေဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြား သည်။
ဆင်ဟွာ


