(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၉

 

၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အဖွဲ့များသည် အောက်တိုဘာ ၁၆ ရက်မှစတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော် တည်းခိုရေး စခန်းသို့ ရောက်ရှိကြရာ ယနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့များအားလုံး ရောက်ရှိကြပြီဖြစ်သည်။

 

“ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့နေနဲ့ စုစုပေါင်း၂၂၀ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲဝင်မယ့် ကလေးတွေရဲ့ လေ့ကျင့်ရေး၊ ကျန်းမာရေးနဲ့ လိုအပ်တာတွေအားလုံးကို အခက်အခဲမရှိအောင် ပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ တစ်နိုင်ငံလုံးအနေနဲ့ အဆင့် (၅) ရခဲ့တယ်။ ဒီနှစ်မှာတော့ ဆုတံဆိပ်တွေ ပိုမိုရရှိအောင်နဲ့ အဆင့်ကို အရင်နှစ်ထက် ပိုတက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကလေးတွေအနေနဲ့ အထူးကြိုးစားထားကြတဲ့ အတွက် ကျေနပ်အားရမိပါတယ်။ ပဲခူးတိုင်းဒေသကြီးက ဇာတ်တော်ကြီး ပြိုင်ပွဲနဲ့ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲမှာလည်း အင်ပြည့်အားပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ် ပါတယ်” ဟု တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ပြောသည်။

 

ထိုသို့ ရောက်ရှိလာကြသည့် ပြိုင်ပွဲဝင်အဖွဲ့များကို တာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များအလိုက် နေရာချထားပေးကာ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးကြသည်။

 

“အဆိုပြိုင်ပွဲ ကာလပေါ်ဘာသာရပ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (၁၈) ကြိမ်မြောက် ပြိုင်ပွဲကတည်းကစပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနှစ်နဲ့ ဆိုရင် ကိုးနှစ်မြောက်ရှိပါပြီ။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတဲ့အခါမှာ အတွေ့အကြုံတွေအများကြီးရသလို အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်က ဘယ်လိုတွေ ကြိုးစားလာတယ်။ တစ်နှစ်ထက်တစ်နှစ် မတူတဲ့ အတွေ့အကြုံတွေ အများကြီးရတဲ့အပြင် ရခဲ့တဲ့ အတွေ့အကြုံတွေကနေပြီးတော့ ကိုယ်ရှုံးနိမ့်ခဲ့တဲ့ အရာတွေ၊ ဆုမရခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီးတော့ မနှစ်ကတော့ သမီး ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း မနှစ်ကထက် ဆုတွေ ပိုမိုရရှိအောင် ကြိုးစားသွားမှာပါ” ဟု မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် မစုမြတ်နိုးက ပြောသည်။

 

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနက ပြိုင်ပွဲဝင်အဖွဲ့များ ကျန်းမာရေး ချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကုသပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အဖွဲ့များ စာပေဗဟုသုတများ တိုးပွားစေရန်အတွက် သုတ၊ ရသစာအုပ်၊ စာစောင်များစုံလင်စွာဖြင့် စာကြည့်တိုက်ကို လည်းကောင်း ဖွင့်လှစ်ပေးထားသည်။

 

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်မှ ၁၁၃ ဦး၊ ကယားပြည်နယ်မှ ၉၃ ဦး၊ ကရင်ပြည်နယ်မှ ၁၃၅ ဦး၊ ချင်းပြည်နယ်မှ ၄၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၂၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂၀၊ မကွေးတိုင်းဒေသကြီးမှ ၁၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၅၈ ဦး၊ မွန်ပြည်နယ်မှ ၂၁၆ ဦး၊ ရခိုင်ပြည်နယ်မှ ၁၀၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၈၂ ဦး၊ ရှမ်းပြည်နယ်မှ ၁၂၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၈၉ ဦးတို့က ပြိုင်ပွဲအမျိုးအစားအဆင့် အလိုက် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်