ညောင်ရွှေ အောက်တိုဘာ ၁၈
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄) ဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံလျက်ရှိရာ ယနေ့နံနက် ၇ နာရီတွင် ညောင်ရွှေမြို့နယ် လင်းကင်း ကျေးရွာမှ အင်းလေးရိုးရာ ဘုရားဆွဲလှေ ၄၂ စင်းဖြင့် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ ကျောင်းတော်ကြီးသို့ ကြွချီ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန် မဏ္ဍပ်ရှေ့ရှိ နန်းကပ်ချောင်းအတွင်း အင်းလေးအစုအဖွဲ့မှ ဆောင်ရွက်ထားသော စွမ်းအင်သုံးစွဲ မှုလျှော့ချနိုင်ရေး၊ အင်းရေပြင်တွင် စက်ဆီများ ညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် EV စက်လှေဖြင့် ကျောင်းကြို၊ ကျောင်းပို့နှင့် အင်းလေးဒေသထွက်ကုန် ဖြစ်သည့် ခရမ်းချဉ်သီး သယ်ယူပေးပို့မှု သရုပ်ပြသခြင်း၊ ဆွမ်းပို့လှေ သရုပ်ပြသခြင်း၊ ကိန္နရီကိန္နရာ အက၊ အင်းတိုင်းရင်းသားအက၊ တိုးနရားအကတို့ဖြင့် ကပြ ဖျော်ဖြေနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် အင်းလေးဖောင်တော် ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄) ဆူ ပင့်ဆောင်လာသည့် ကရဝိက် ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း အင်းလေး ရိုးရာဆွဲလှေများဖြင့် ညောင်ရွှေမြို့ ဖောင်တော်ဆိုက် ပြာဿဒ်သို့ ဆိုက်ရောက်ပြီး ကရဝိက်ဖောင် တော်ပေါ်မှ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ပထမအဆူကို ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ တတိယအဆူကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လည်းကောင်း၊ စတုတ္ထအဆူကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ် တို့ကလည်းကောင်း ညောင်ရွှေမြို့ အတွင်းသို့ လှည့်လည်အပူဇော်ခံမည့် မော်တော်ယာဉ်မှ ပြာဿဒ် ပေါ်သို့ ပင့်ဆောင်ပူဇော်ကြသည်။
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည် အပူဇော်ခံနေစဉ် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲများ ကျင်းပရာ အမျိုးသား (၄၆) တက် အကြို ဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ၊ အမျိုးသား ရာကျော်လှေ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ၊ ကျောင်းသား တစ်ဦးချင်း အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ၊ ကျောင်းသား(၂၆)တက် ဗိုလ်လုပွဲနှင့် အမျိုးသမီး (၂၆) တက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကြရာ လှေအသင်းများက အားကြိုး မာန်တက် စည်းလုံးညီညွတ်မှု စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့နှင့် ဆွမ်းပို့လှေအဖွဲ့ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ တစ်ဦးချင်း လှေလှော်ပြိုင်ပွဲတွင် ဒုတိယနှင့် ပထမဆုရရှိသူများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း၊ ကျောင်းသား(၂၆)တက်ပြိုင်ပွဲတွင် ဒုတိယဆု၊ ပထမဆုရရှိသည့် အသင်းများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက လည်းကောင်း၊ အမျိုးသား(၄၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသည့် အသင်းများကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ အမျိုးသမီး(၂၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသည့် အသင်းများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ရာကျော် လှေလှော်ပြိုင်ပွဲတွင် ဒုတိယနှင့် ပထမဆုရရှိသည့် အသင်းများကို ဆုများပေးအပ် ချီးမြှင့်သည်။
ထိုမှတစ်ဆင့် ညောင်ရွှေမြို့ အဋ္ဌဒိသာ ဓမ္မဝိဟာရစံကျောင်းတော်၌ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော် မြတ်စွာဘုရားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး ညောင်ရွှေမြို့နယ် မိုင်းသောက် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


