ရန်ကုန် အောက်တိုဘာ ၁၈
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား လေကြောင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ရန်ကုန် - ချန်ဒူး ခရီးစဉ်သစ်ကို အောက်တိုဘာ ၁၅ ရက်တွင် စတင် ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် တရုတ်နိုင်ငံရှိ ချန်ဒူးထျန်းဖူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပျံသန်းပြေးဆွဲခြင်းဖြစ်ပြီး ယခုခရီးစဉ်သစ် စတင်ပြေးဆွဲခြင်းကြောင့် နှစ်နိုင်ငံကြား လေကြောင်းဆက်သွယ်မှု ပိုမို တိုးတက်ခိုင်မာလာစေရန် အထောက်အကူပြုမည်ဖြစ်ကာ ခရီးသည်များ အတွက်လည်း ခရီးသွားလာမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုတိုးချဲ့ပေးနိုင်မည်ဖြစ်သည်။
ရန်ကုန် - ချန်ဒူး ခရီးစဉ်သစ်ကို ကနဦးတွင် လစဉ်ပြေးဆွဲသွားရန် စီစဉ်လျက်ရှိပြီး ပြေးဆွဲမည့်ရက်များနှင့် အကြိမ်အရေအတွက်တို့ကို ခရီးသည်များ သွားလာမှုအဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း MAI မှ သိရသည်။
MAI အနေဖြင့် Mingalar (ယခင် Air KBZ) နှင့်အတူ ခရီးသည်များ အတွက် လေကြောင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီး ရန်ကုန် (RGN) နှင့် မန္တလေး (MDL) တို့ကို အဓိကလေကြောင်းအချက်အချာ နေရာများအဖြစ်ထားရှိကာ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာခရီးစဉ်များ အပါအဝင် ခရီးစဉ်ဒေသ ၄၁ ခုသို့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယင်းတို့တွင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ် စော်ဘွားများပြည်ထောင်စု(UAE)၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
ကိုထက်


