ဒေါက်တာနွယ်ရီဝင်း
စာပေအနုပညာလက်ရာများကို ကိုယ်တိုင်စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးသူများသည် ၎င်းတို့ ဖန်တီးထားသော စာပေ သို့မဟုတ် အနုပညာလက်ရာများ၏ မူပိုင်ခွင့်ပိုင်ရှင်များ ဖြစ်ကြသည်။ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များသည် ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေးဆိုင်ရာ အခွင့်အရေးနှင့် ကိုယ်ကျင့် သိက္ခာဆိုင်ရာ အခွင့်အရေးများ ရရှိကြသည်။
စီးပွားရေးဆိုင်ရာ အခွင့်အရေးအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့ဖန်တီးသည့် လက်ရာများကို အခြားသူများက အသုံးပြုခြင်းအတွက် ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်ရရှိသည်။ သို့ဖြစ်၍ မူပိုင်ရှင်များသည် ၎င်းတို့ပိုင်ဆိုင်မှုများမှ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှု သေချာစေရန် ၎င်းတို့၏ အခွင့်အရေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် လိုအပ်သည်။
မူပိုင်ရှင်များက စီးပွားရေးဆိုင်ရာ အခွင့်အရေး များကို မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်သကဲ့သို့ စာပေနှင့် အနုပညာမူပိုင်ခွင့်များကို စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများသို့လည်း အပ်နှံနိုင်သည်။ စုပေါင်း စီမံခန့်ခွဲသည့်အဖွဲ့အစည်း (Collective Manage-ment Organization-CMO) ဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့် အရေးပိုင်ရှင်များ၏ သဘောတူညီမှုအပေါ် အခြေခံပြီး ၎င်းတို့၏ အခွင့်အရေးများကို အမြတ်အစွန်း အတွက် မရည်ရွယ်ဘဲ စီမံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်သည်။
နိုင်ငံတကာတွင် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ အစည်းများကို များသောအားဖြင့် အမြတ်အစွန်း အတွက် မရည်ရွယ်သည့် non-profit organization များအဖြစ် ဖွဲ့စည်းတည်ထောင်လေ့ရှိကြသည်။ စာပေနှင့် အနုပညာအခွင့်အရေးများကို စုပေါင်းစီမံ ခန့်ခွဲသည့်စနစ်သည် စာပေနှင့် အနုပညာဖန်တီးမှု လက်ရာများကို အများပြည်သူထံ ကျယ်ကျယ် ပြန့်ပြန့် ရောက်ရှိစေနိုင်ခြင်းကြောင့် ယဉ်ကျေးမှု အနုပညာအဆင့်အတန်း မြင့်မားတိုးတက်ရေးနှင့် ပြန့်ပွားရေးအတွက် အရေးပါသကဲ့သို့ စာပေ အနုပညာဖန်တီးမှု ထုတ်ကုန်များဖြင့် နိုင်ငံ့စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက် အကူပြုသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတွင် စာပေအနုပညာ ဖန်တီးမှုလက်ရာများကို ကမ္ဘာအနှံ့မှ ပရိသတ်များ ထံသို့ လျင်မြန်စွာရောက်ရှိစေရန် CMO စနစ်ကို တည်ထောင်ကြသည်။ CMO များသည် ဖန်တီးသူ များကို ၎င်းတို့၏ဖန်တီးမှုရလဒ်များမှ စီးပွားရေး အကျိုးအမြတ်ရရှိမှုကို သေချာစေပြီး အသုံးပြုသူ များအနေဖြင့်လည်း စာပေအနုပညာဖန်တီးမှု လက်ရာအမျိုးမျိုးကို လွယ်လင့်တကူ ရရှိခံစားစေ နိုင်သကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို ဖြစ်ပေါ်တိုးတက်စေနိုင်သည်။
စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့ဖန်တီးထားသည့် လက်ရာများအား မည်ကဲ့သို့ အသုံးပြုမည်၊ မည်သူအား အသုံးပြုခွင့်ပြု ပေးမည်ကို ကိုယ်တိုင်စီမံဆောင်ရွက်ခွင့်ရှိသည်။ မူပိုင်ခွင့်ပိုင်ရှင်နှင့် အသုံးပြုသူတို့အကြား သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ ခွင့်ပြုချက်ဖြင့် အသုံးပြုခွင့် လိုင်စင်ပေးခြင်းတို့ဖြင့် မိမိ၏လက်ရာများကို အသုံးပြုသူထံမှ မူပိုင်ခအခကြေးငွေများ ရရှိနိုင် သည်။ သို့ရာတွင် အချို့သောလုပ်ငန်းများဖြစ်သည့် အနုပညာလက်ရာများကို ရေဒီယိုနှင့် ရုပ်မြင် သံကြားအစီအစဉ်မှ အများပြည်သူသို့ ထုတ်လွှင့် တင်ဆက်ခြင်းနှင့် ပွဲလမ်းသဘင်နှင့် ခန်းမများတွင် ဖျော်ဖြေတင်ဆက်မှုများတွင် ဖန်တီးသူလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်များထံမှ လက်ရာတိုင်း အတွက် အသုံးပြုရန် ခွင့်ပြုချက်ရယူခြင်း၊ ထိုက်သင့် သည့် မူပိုင်ကြေးပေးခြင်းများ ပြုလုပ်ရန် မလွယ်ကူ သည့်အတွက် မူပိုင်ရှင်၏ အခွင့်အရေးများကို ၎င်းတို့ ကိုယ်စား စီမံခန့်ခွဲရန် တာဝန်ယူသည့် အဖွဲ့အစည်း များ တည်ထောင်ကြခြင်းဖြစ်သည်။
စာပေအနုပညာလက်ရာများအား အသုံးပြုလို သူများအနေဖြင့် CMO နှင့် ဆက်သွယ်၍ ခွင့်ပြုချက် လိုင်စင်ရယူခြင်းဖြင့် တစ်နေရာတည်းမှ လက်ရာ များအား အသုံးပြုခွင့်ရရှိပြီး မူပိုင်ကြေးများကိုလည်း မူပိုင်ခွင့်ပိုင်ရှင်တစ်ဦးချင်းစီကို ဆက်သွယ်ပေးချေ ရန် မလိုဘဲ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းကို ပေးချေနိုင်သည်။ တစ်ဖန် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းက မူပိုင်ခွင့်ပိုင်ရှင်များထံသို့ မူပိုင်ကြေး များအား စနစ်တကျပြန်လည်ခွဲဝေပေးခြင်းဖြင့် CMO ၏ လုပ်ငန်းတာဝန်ကို လွယ်ကူစွာ ဆောင်ရွက် နိုင်သည်။
စာပေ သို့မဟုတ် အနုပညာလက်ရာများကို စီးပွားရေးအလို့ငှာ ရေဒီယို၊ ရုပ်မြင်သံကြား၊ စင်တင် တေးဂီတ၊ KTV ၊ Social Media များတွင် အသုံးပြု လျှင် အသုံးပြုသူများသည် CMO သို့ ဆက်သွယ်၍ အသုံးပြုသည့် လက်ရာအတွက် မူပိုင်ကြေးများကို လည်း သက်ဆိုင်ရာ CMO က ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပေးဆောင်ရမည်ဖြစ်သည်။ အကယ်၍ အသုံးပြုလိုသည့်လက်ရာသည် CMO သို့ အပ်နှံထားခြင်းမရှိပါက သက်ဆိုင်ရာ မူပိုင်ခွင့် ပိုင်ရှင်များသို့ တိုက်ရိုက်ဆက်သွယ်၍ ခွင့်ပြုချက် ရယူခြင်းနှင့် မူပိုင်ကြေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
မြန်မာနိုင်ငံတွင် စုပေါင်းစီမံခန့်ခွဲသည့်စနစ် တည်ထောင်နိုင်ရန်အတွက် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ အခန်း(၁၉)တွင် စာပေနှင့် အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး များဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များအား ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ အရ CMO ဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်းကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၅၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါ သည်။
CMO အဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လျှောက်ထားရမည့် လျှောက်လွှာပုံစံများ သတ်မှတ် ခြင်း အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၇၉/ ၂၀၂၄ ဖြင့်လည်းကောင်း၊ လျှောက်ထားရာတွင် ဝန်ဆောင်မှု အမျိုးအစားအလိုက် ပေးဆောင်ရမည့် အခကြေးငွေသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
CMO ဖွဲ့စည်းဆောင်ရွက်ရန်အတွက် လျှောက် ထားခြင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၅၂) နေပြည်တော်တွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီဖြစ် သည်။ ထိုသို့လျှောက်ထားရာတွင် အဖွဲ့အစည်း၏ အထွေထွေမန်နေဂျာ သို့မဟုတ် အမှုဆောင်အရာရှိ ချုပ် သို့မဟုတ် အဖွဲ့အစည်း၏ တာဝန်ပေးအပ်ခြင်း ခံရသူက အဖွဲ့၏ကိုယ်စား လျှောက်လွှာပုံစံ CMO-1 ကို အသုံးပြု၍ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီသို့ လိပ်မူ လျှောက်ထားရမည်ဖြစ်သည်။ CMO ၏ သက်တမ်း မှာ ဖွဲ့စည်းခွင့်ပြုသည့်နေ့မှစ၍ ငါးနှစ်အထိ ဖြစ် သည်။ သက်တမ်းမကုန်ဆုံးမီ သုံးလအတွင်း နောက်ထပ် ငါးနှစ် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပုံစံCMO-2 ကို အသုံးပြု၍ အေဂျင်စီထံ လျှောက်ထားနိုင်သည်။
CMO များကို စာပေကဏ္ဍ၊ တေးဂီတကဏ္ဍ၊ ရုပ်ရှင်နှင့် အရုပ်အသံကဏ္ဍ၊ အမြင်အာရုံဖြင့် ခံစားနိုင် သော ဖန်တီးမှုအနုပညာနှင့် ဓာတ်ပုံကဏ္ဍ၊ ပြဇာတ် ကဏ္ဍ စသည့်ကဏ္ဍများတွင် ဖွဲ့စည်းဆောင်ရွက် နိုင်သည်။ သို့ဖြစ်၍ စာပေ၊ အနုပညာ၊ တေးဂီတ၊ ရုပ်ရှင်နှင့် အရုပ်အသံ၊ ပြဇာတ် စသည့် ကဏ္ဍတစ်ခုစီ အတွက် တူညီသည့် အခွင့်အရေးအမျိုးအစားကို စီမံခန့်ခွဲမည့် အဖွဲ့အစည်းအများဆုံး နှစ်ဖွဲ့ ဖွဲ့စည်း နိုင်သည်။ ဥပမာ- တေးဂီတကဏ္ဍတွင် တေးရေး ဆရာ၊ တေးဂီတလက်ရာ ဖန်တီးသူများအတွက် (Copyright) စီမံခန့်ခွဲမည့်အဖွဲ့ နှစ်ဖွဲ့၊ ဖျော်ဖြေသူ များအတွက် (Related Rights) စီမံခန့်ခွဲမည့်အဖွဲ့ နှစ်ဖွဲ့၊ တေးထုတ်လုပ်သူများအတွက် (Related Rights) စီမံခန့်ခွဲမည့်အဖွဲ့ နှစ်ဖွဲ့ စသည်ဖြင့် တေးဂီတ ကဏ္ဍအတွက် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ပေါင်း ခြောက်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
CMO ဖွဲ့စည်းဆောင်ရွက်ရန်အတွက် အောက် ဖော်ပြပါအချက်များနှင့် ကိုက်ညီရမည်-
- အမြတ်အစွန်းအတွက် မရည်ရွယ်သော အဖွဲ့ အစည်းဖြစ်ရမည်။
- စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းက စီမံ ဆောင်ရွက်မည့် စာပေအနုပညာကဏ္ဍအလိုက် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ သို့မဟုတ် အခွင့်အရေးရရှိသူများက အဖွဲ့ဝင် များအနေဖြင့် ပါဝင်သည့် အဖွဲ့အစည်းဖြစ်ရ မည်။ (ဥပမာအားဖြင့် တေးဂီတကဏ္ဍတွင် စာပေနှင့် အနုပညာမူပိုင်ခွင့်ကို စီမံမည်ဆို လျှင် မူပိုင်ရှင်များဖြစ်သော တေးရေးဆရာများ၊ တေးဂီတလက်ရာ ဖန်တီးသူများက အဖွဲ့ဝင် အဖြစ် ပါဝင်ရမည်။ ဆက်နွှယ်သည့် အခွင့် အရေးကို စီမံခန့်ခွဲသည့်အဖွဲ့ဖြစ်ပါက ဖျော်ဖြေ သူများနှင့် ဖိုနိုဂရမ်ထုတ်လုပ်သူများက အဖွဲ့ဝင် အဖြစ် ပါဝင်ရမည်။)
- CMO ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရမည်။
CMO ၏ လုပ်ငန်းတာဝန်များတွင် အဖွဲ့အစည်း အနေဖြင့် တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အထွေထွေအစည်းအဝေး ကျင်းပခြင်း၊ နှစ်ချုပ် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို အေဂျင်စီ သို့ တင်ပြခြင်း၊ အဖွဲ့အစည်းသို့ အပ်နှံထားသည့် လက်ရာများကို အသုံးပြုခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသူများကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေး ခြင်း၊ မူပိုင်ကြေးများ ခွဲဝေပေးနိုင်ရေးအတွက် လက်ရာများကို အသုံးပြုသည့် အချက်အလက်များ ကို စုစည်းပြုစုခြင်း၊ အသုံးပြုသူများထံမှ မူပိုင်ကြေး များ ကောက်ခံပြီး အဖွဲ့ဝင်ဖြစ်သည့် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များကို ခွဲဝေပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
CMO လျှောက်ထားရာတွင် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ မူပိုင်ကြေးကောက်ခံမည့် သတ်မှတ်ချက်၊ မူပိုင်ကြေး ခွဲဝေမည့် သတ်မှတ်ချက်၊ မူပိုင်ခွင့်ပိုင်ရှင်များကို အဖွဲ့ဝင်အဖြစ် လက်ခံသည့် သဘောတူညီချက်၊ အသုံးပြုသူများကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေး သည့် သဘောတူညီချက် စသည့်အချက်အလက် များကို ပြည့်စုံစွာ တင်ပြရမည်ဖြစ်သည်။ မူပိုင်ကြေး ကောက်ခံမည့် သတ်မှတ်ချက်နှင့် မူပိုင်ကြေး ခွဲဝေ မည့် သတ်မှတ်ချက်များသည် CMO လုပ်ငန်း ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်များ ဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်များကို လေ့လာပြီး မူပိုင် ခွင့်ပိုင်ရှင်များက ၎င်းတို့၏ အခွင့်အရေးများကို စီမံခန့်ခွဲပေးရန် CMO များသို့ ရွေးချယ်အပ်နှံလေ့ရှိ ကြသည်။ CMO များသည် မူပိုင်ရှင်များအား မူပိုင် ကြေး ပြန်လည်ခွဲဝေရာတွင်လည်း သတ်မှတ်ချက် အတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့သည့် အဖွဲ့အစည်းအဖြစ် ရပ်တည် နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်း မရှိပါက မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်ပွားနိုင်ပြီး အဖွဲ့အစည်း၏ ပုံရိပ်နှင့်ယုံကြည်မှုကို ထိခိုက်နိုင် သည်။
မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် CMO ၏ လုပ်ငန်း ဆောင်ရွက်မှုများကို စောင့်ကြည့်၍ လိုအပ်ပါက လုပ်ငန်းဆောင်ရွက်မှုများကို ဆိုင်းငံ့ခွင့်ရှိသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ၊ စုပေါင်းစီမံခန့်ခွဲ သည့် အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းနှင့် ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ရန်ပျက်ကွက်ခြင်း၊ စာရွက်စာတမ်းနှင့် အချက်အလက်များကို မမှန် မကန် တင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုမရှိခြင်း၊ အသုံးပြုသူ တစ်ဦးဦးနှင့် ချုပ်ဆို ထားသော စာချုပ်ကို ဖောက်ဖျက်ခြင်း၊ သက်သေခံ လက်မှတ်ကို လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ အချက် အလက်များကို မမှန်မကန်တင်ပြ၍ဖြစ်စေ ရယူ ထားခြင်း၊ အဖွဲ့အစည်းကို အပ်နှံထားခြင်းမရှိသည့် လက်ရာအမျိုးအစား သို့မဟုတ် အခွင့်အရေးကို စီမံဆောင်ရွက်ခြင်း၊ မူပိုင်ခများ ကောက်ခံခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ကောက်ခံရရှိသည့် မူပိုင်ခများကို အခြားကိစ္စရပ်များအတွက် အသုံးပြုခြင်း၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရရှိပြီး တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက် မှုမရှိခြင်း စသည့်အချက်အလက်များကို တွေ့ရှိပါက အေဂျင်စီသည် CMO ၏ လုပ်ငန်းဆောင်ရွက်မှုကို ခြောက်လ ဆိုင်းငံ့ထားမည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်မှုမပြုရန် ဆိုင်းငံ့ခံရ ကြောင်း အကြောင်းကြားစာ ပေးပို့သည့်နေ့မှ ခြောက်လအတွင်း ဆိုင်းငံ့ထားခြင်းအား ရုပ်သိမ်း ပေးရန် ဖြေရှင်းချက် သို့မဟုတ် ရှင်းလင်းချက်များ နှင့်အတူ အေဂျင်စီထံ တင်ပြနိုင်ပါသည်။ အေဂျင်စီ သည် CMO က တင်ပြလာသည့် ရှင်းလင်းချက်များကို စိစစ်ပြီး ဆိုင်းငံ့မိန့်ကို ရုပ်သိမ်းနိုင်သည်။
CMO သည် လုပ်ငန်းဆိုင်းငံ့ခြင်းခံရပါက ခြောက်လအတွင်း ဆိုင်းငံ့ခံရမှုကို ရုပ်သိမ်းပေးရန် တင်ပြမှုပျက်ကွက်ခြင်း၊ ရုပ်သိမ်းပေးရန် တင်ပြခဲ့ သော်လည်း အေဂျင်စီက ဆိုင်းငံ့မိန့်အား ရုပ်သိမ်းမှု မရှိခြင်း သို့မဟုတ် ဆိုင်းငံ့မိန့်ကို ရုပ်သိမ်းပေးပြီး နောက် CMO က ဆိုင်းငံ့ခြင်းနှင့်သက်ဆိုင်သည့် အချက်တစ်ရပ်ရပ်ကို ထပ်မံချိုးဖောက်ခဲ့လျှင် CMO အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်သည်။
CMO အဖြစ် ဖွဲ့စည်းခွင့်ပြုရန် လျှောက်ထားမှု မရှိခြင်း၊ လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ခံရခြင်း သို့မဟုတ် CMO အဖြစ်မှ ပယ်ဖျက် ခံရခြင်းဖြစ်လျှင် CMO သည် ၎င်း၏ လုပ်ငန်းတာဝန် များကို ဆက်လက်ဆောင်ရွက်ခွင့် မရှိချေ။
နိုင်ငံတကာတွင် အစိုးရက စုပေါင်းစီမံခန့်ခွဲ သည့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများ မှန်ကန်စေရန် စည်းမျဉ်းများ၊ နည်းဥပဒေများ ချမှတ်ပြီး ဆောင်ရွက်ကြသည်။ နိုင်ငံအချို့တွင် စုပေါင်းစီမံခန့်ခွဲသည့်စနစ် မအောင်မြင်ခြင်းမှာ ဥပဒေတစ်ရပ်ဖြင့် ထိန်းကျောင်းမှုမရှိဘဲ CMO များစွာ ဖွဲ့စည်းခွင့်ပြုခဲ့ခြင်းကြောင့် အသုံးပြုသူများ အနေဖြင့် ယုံကြည်မှုလျော့နည်းခြင်း၊ ခွင့်ပြုချက် လိုင်စင်ကို မည်သည့် CMO ထံမှ ဆက်သွယ်ရယူ ရမည်ကို မသေချာခြင်း စသည်တို့ကြောင့် ဖြေရှင်း ရန်မလွယ်ကူသည့် အခက်အခဲပြဿနာများ ပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ CMO များက မူပိုင်ကြေးများကို သုံးစွဲသူများထံမှ ကောက်ခံ ခဲ့သော်လည်း မူပိုင်ခွင့်ပိုင်ရှင်များကို မျှတစွာ ပြန်လည်ခွဲဝေပေးခြင်းမရှိခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်ကာ CMO များ ရုပ်သိမ်းခဲ့ကြရသည်။
သို့ဖြစ်၍ နိုင်ငံတော်တွင် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို သင်ခန်းစာယူ၍ CMO များ ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းများ ချမှတ် ၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်သည်။ CMO များအနေဖြင့်လည်း သတ်မှတ် ချက်များနှင့်အညီ မှန်မှန်ကန်ကန် လိုက်နာဆောင် ရွက်ပါက CMO များ၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မူပိုင်ခွင့် ပိုင်ရှင်များအတွက် ယုံကြည်အားထားမှုကို ရရှိမည် ဖြစ်သည်။
CMO များက မူပိုင်ခွင့်လက်ရာများကို လက်ခံ၍ စီမံဆောင်ရွက်ရာတွင်လည်း မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လက်ရာများဖြစ်ပါက မူပိုင်ခွင့် ဆိုင်ရာ အငြင်းပွားမှုများကို လွယ်ကူစွာ ဖြေရှင်းနိုင် မည်ဖြစ်သဖြင့် စာပေနှင့် အနုပညာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ မူပိုင်ခွင့်ပိုင်ရှင် များအနေဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက် ပေးလျက်ရှိသော CMO အဖွဲ့အစည်းများကို အသုံးပြု ၍ မိမိတို့၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရန် နှင့် CMO များမှတစ်ဆင့် နိုင်ငံတကာသို့ မိမိတို့၏ လက်ရာများ လွယ်ကူစွာပျံ့နှံ့ ဝင်ရောက်နိုင်စေရန် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဖော်ပြလိုက် ပါသည်။
CMO များက မူပိုင်ခွင့်ပိုင်ရှင်များနှင့် စာပေအနု ပညာလက်ရာ အသုံးပြုသူများအကြား ကြားခံအဖွဲ့ အစည်းအနေဖြင့် ဆောင်ရွက်ပေးသည်။ မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ လက်ရာများကို မည်သူတွေက မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးပြုနေသည်ဆိုသည်ကို အမြဲလိုက်လံစုံစမ်းရန် မလွယ်ကူချေ။ ထို့ကြောင့် ၎င်းတို့၏လက်ရာများကို ပိုင်ရှင်မသိဘဲ အသုံးပြုခြင်းခံနေရပြီး မူပိုင်ခွင့် ချိုးဖောက်ခံရမှုများရှိပါသည်။ CMO သည် ၎င်းထံ အပ်နှံထားသည့်လက်ရာများကို အသုံးပြုနေသည့် နေရာများသို့ လေ့လာစုံစမ်းပြီး မူပိုင်ကြေးများ ရရှိ ရန် ဆောင်ရွက်ပေးသဖြင့် မူပိုင်ရှင်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှု လျော့နည်းစေပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုရရှိစေမည်ဖြစ်သဖြင့် စာပေ နှင့် အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များနှင့် အသုံးပြုသူများ အကြား အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေ သည့် စီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပါသည်။
နိုင်ငံအတွင်းရှိ CMO များသည် အခြားသောနိုင်ငံ များရှိ CMO များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် မည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် CMO တွင် အပ်နှံထားသည့် လက်ရာများကို အခြားသောနိုင်ငံများတွင် မိမိတို့၏ လက်ရာများကို အသုံးပြုသည့် မူပိုင်ကြေးများကို သက်ဆိုင်ရာနိုင်ငံ၏ CMO များမှတစ်ဆင့် ကောက်ယူနိုင်သည့်အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


