မမြရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာ

 

နေပြည်တော် အောက်တိုဘာ ၁၇

မမြရေလှောင်တမံ သိုလှောင်ရေကို ရေထုတ်ပြွန်၊ ရေအားလျှပ်စစ်ပိုက်လိုင်းနှင့် အရေးပေါ်ရေပိုလွှဲတို့မှတစ်ဆင့် တစ်ရက်လျှင် (၇၇၀) ကုဗပေ/စက္ကန့် လျှော့ချနိုင်ခြင်းတို့ကြောင့် အောက်တိုဘာ ၁၀ ရက်တွင် မမြရေလှောင်တမံ ရေပြင်၏ နိမ့်မြင့်မှတ် ၃၁၄ ဒသမ ၉ ပေ (သိုလှောင်ရေပမာဏ- ၇၁၂၇၀ ဧကပေ) ရှိခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် နိမ့်မြင့်မှတ် (၃၀၅ ဒသမ ၃၅)ပေ(သိုလှောင်ရေပမာ ဏ - ၅၉၅၉၀) သို့ လျှော့ချနိုင်ခဲ့ပြီး စုစု​ပေါင်း​ရေပြင်၏ နိမ့်မြင့်မှတ် ၉ ​ပေ ၆ လက်မ ​(သိုလှောင်ရေ ပမာဏ ဧကပေ - ၁၁၆၈၀ ) ထိ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

 

 ကြီးကြပ်ဆောင်ရွက်လျက်ရှိ

မမြရေလှောင်တမံ၏ တမံ ထိပ်ပြင်နိမ့်ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံ အရေးပေါ် ကာကွယ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင် ရွက်လျက်ရှိသည်။

 

ပိုမိုတိုးတက်ကောင်းမွန်လာ

အဆိုပါ ရေလှောင်တမံ ပိုမိုလုံခြုံစိတ်ချစေရေးအတွက် အရေးပေါ် တမံ အောက်ခြေထောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ မြေသားတမံ ပိုမိုအားဖြစ်စေရေးအတွက် ရေစစ်ကျောက်ရိုး (Rock Toe) တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျောက်ကြီးများ စုစုပေါင်း ၃၈၄ ကျင်း စုဆောင်းထားရှိဆောင်ရွက်ခြင်း၊ တမံရေစိမ့်ဝင်မှုအန္တရာယ်ကို ကာကွယ်ရန်နှင့် တမံကြံ့ခိုင်ရေးအတွက် ရေစစ်ကျောက်ရိုးနှင့် ချိတ်ဆက်ပြီး Vertical Filter နှင့် Horizontal Filter လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် တမံကြံ့ခိုင်မှု အခြေအနေသည် ပိုမိုတိုးတက် ကောင်းမွန်လာကြောင်း သိရသည်။

 

အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင် ကြံခင်းမြို့နယ်ရှိ ကွန်ချောင်း ရေလှောင်တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် ကွန်ချောင်းရေလှောင်တမံသည် အလျားပေ ၁၆၇၂၀ ရှည်လျားသည့်အတွက် တမံ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တမံတစ်လျှောက် နေရာလွတ်မကျန် သေချာစစ်ဆေးကြရန်၊ ပင်မတမံ၊ ရေပိုလွှဲများနှင့် ရေအားအဆောက်အအုံများအား Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန်၊ တမံအမြင့် ၁၃၅ ပေရှိသည့် မူလချောင်းဟောင်းနေရာအား အထူးဂရုပြုစစ်ဆေးရန် ရေထုတ်ပြွန်မှ ရေထုတ်လုပ်မှုကို စနစ်တကျ ထိန်းညှိဆောင်ရွက်ရန်၊ တမံကြံ့ခိုင်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့် စစ်ဆေးနိုင်ရန်အတွက် တမံတည်ဆောက်စဉ်က ထည့်သွင်းထားရှိသည့် ရေစစ်သဲလွှာနှင့် ရေစစ်ကျောက်ရိုးအထွက် တပ်ဆင်ထားသည့် V-notch အား အမြဲမပြတ် စစ်ဆေးတိုင်းတာ၍ ရရှိလာသည့် အချက်အလက်များကို စိစစ်၍ ဆောင်ရွက်ကြရန်၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန်လွန်ကဲခြင်းအပြင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ၊ မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက တမံတွင်း ရေဝင်ရောက်မှုကို ၂၄ နာရီပတ်လုံး စောင့်ကြည့်၍ ရေထုတ်ပြွန်မှ စနစ်တကျ ရေထုတ်လွှတ်နိုင်ရေးကို Rule and Regulation အတိုင်း ကြိုတင်စီမံဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ထို့အတူ မြန်အောင်မြို့နယ်အတွင်းရှိ မြန်အောင်တာ တာမိုင် ၆/၇-၇/၀၊ ကနောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ တာမိုင် ၁၄/၀- ၁၅/၀ နှင့် ငပိဆိပ်ကျေးရွာရှိ တာမိုင် ၂၀/၆-၂၁/၂ အတွင်း မြန်အောင်တာတစ်လျှောက် ကမ်းပြိုကမ်းစား လျော့ပါးသက်သာစေရန်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်