၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

 

နေပြည်တော် အောက်တိုဘာ ၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်း များ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သောစစ်သည်များ ပါဝင်သည့် မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်း ခရီးဖြင့်ထွက်ခွာကြသည်။

 

အဆိုပါ ထူးချွန်လူငယ်များ ပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင် နှုတ်ဆက်ကြသည်။

 

အဆိုပါ လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသောကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင် သော စစ်သည် ၂ ဦး၊ ကျောင်း အုပ်ချုပ်မှုတာဝန်ခံ ၁ ဦး၊ အုပ်ချုပ် မှုအဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၃၀ ဦး တို့ပါဝင်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်အထိ လေ့လာရေးခရီးစဉ် ကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ကောင်းကင်ဘုံ ဗိမာန်ပန်းခြံ၊ လင်ကွမ်းဘုရား ကျောင်း၊ နွေရာသီနန်းတော်၊ မဟာတံတိုင်းကြီး (Great Wall)နှင့် အခြားအထင်ကရ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ် များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံ များသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှစတင်၍ လေ့လာရေးခရီး ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

(၁၀၀)