ဒီမိုကရေစီစနစ်တစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံသားများ စွဲကိုင်ကျင့်သုံးရမည့် အတွေးအခေါ်၊ တန်ဖိုးထားမှုများ၊ အလေ့အထ များနှင့် အပြုအမူများသည် “ဒီမိုကရေစီယဉ်ကျေးမှု (Democratic Culture)” ပင်ဖြစ်သည်။ ဒီမိုကရေစီသည် အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်သည့် “စနစ်” တစ်ခုတည်းမျှသာမဟုတ်ဘဲ ပြည်သူများ နေ့စဉ်လူနေမှုဘဝတွင် အတူတကွ ပူးပေါင်းနေထိုင် ကြသည့် “လူနေမှုပုံစံ” လည်း ဖြစ်သည်။
ဒီမိုကရေစီယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်များနှင့် အနှစ်သာရများကို လေ့လာကြည့်လျှင် လူမျိုး၊ ဘာသာ၊ ကျား/မ၊ ဆင်းရဲချမ်းသာမရွေး လူသားအားလုံး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို တန်းတူရည်တူတန်ဖိုးထားခြင်း တစ်နည်းအားဖြင့် လူ့သိက္ခာကို လေးစားခြင်း၊ မိမိနှင့်အမြင်မတူသူ၊ အယူအဆချင်း မတူညီသူများ၏ သဘောထားကိုလည်း ရန်သူကဲ့သို့ သဘောမထားဘဲ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိကြောင်း လက်ခံနားလည်ပေးကာ သဘောထားကွဲလွဲမှုများကို လက်ခံခြင်းဟူသော အပြန်အလှန်လေးစားမှုများကို ဦးစွာ တွေ့ရှိရမည်ဖြစ်သည်။ ထို့အပြင် မတူကွဲပြားမှုများကို အလှတရား တစ်ခုအဖြစ်လက်ခံပြီး မိမိနှင့်မတူသည့် ယုံကြည်ချက်၊ ဓလေ့ထုံးတမ်းများနှင့် လူနည်းစုများ၏အခွင့်အရေးကို အကာအကွယ်ပေးသည့် သည်းခံခွင့် လွှတ်ခြင်းနှင့် သဘောထားကြီးခြင်းတို့သည်လည်း ဒီမိုကရေစီယဉ်ကျေးမှု၏ အစိတ်အပိုင်းများပင်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ခေါင်းဆောင်များသာမက နိုင်ငံသားများကိုယ်တိုင်သည်လည်း မိမိတို့၏ လုပ်ရပ်၊ ပြောဆိုချက်များအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ကိစ္စရပ် တိုင်းကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ခြင်း၊ ပဋိပက္ခ သို့မဟုတ် ပြဿနာများ ကြုံတွေ့ရသည့်အခါ အကြမ်းဖက်နည်းလမ်းကို မသုံးဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်း၊ အများသဘောတူညီချက် (Consensus) ရရှိရန်အတွက် နှစ်ဦးနှစ်ဖက် အလျှော့အတင်းလုပ်ကာ အဖြေရှာခြင်း၊ မည်သူမျှ ဥပဒေအထက်တွင်မရှိစေဘဲ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်ခြင်း၊ မိမိတို့မကြိုက်နှစ်သက်သည့် ဥပဒေ ဖြစ်စေကာမူ တရားဝင်ပြင်ဆင်ခြင်းမပြုသရွေ့ အားလုံးတန်းတူညီတူ လိုက်နာစောင့်ထိန်းခြင်း၊ မဲပေးသည့်အချိန်မှလွဲ၍ ကျန်သည့်အချိန် များတွင်လည်း နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် လူမှုရေး၊ နိုင်ငံရေး ကိစ္စရပ်များတွင် စိတ်ပါဝင်စားစွာ ဝေဖန်အကြံပြုခြင်း၊ ပူးပေါင်းပါဝင်ခြင်း စသည်တို့မှာ ဒီမိုကရေစီယဉ်ကျေးမှု၏ အခြေခံ အုတ်မြစ်များ ပင်ဖြစ်သည်။
မိမိတို့နိုင်ငံသည် အာဏာရပါတီတစ်ရပ်၏ အာဏာကို အကြွင်းမဲ့ လိုချင်သည့် လောဘဇောကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပမာဏကြီးမားလှစွာသော မဲမသမာမှုကြီးကို ကျူးလွန်ခဲ့ရာမှ ဒီမိုကရေစီစနစ် ချွတ်ချော်တိမ်းပါးမှု ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံရေးအပြောင်းအလဲတွင်လည်း သာမန် ဆန္ဒပြပွဲမှသည် အဓိကရုဏ်းများ၊ ဆူပူသောင်းကျန်း ဖျက်ဆီးမှုများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများအထိ ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဒီမိုကရေစီ အရေးဟု ကြွေးကြော်ခဲ့ကြသည့်တိုင် ဒီမိုကရေစီယဉ်ကျေးမှုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းကျင့်သုံးခဲ့ကြပြီး ၎င်းတို့နှင့် သဘောထားမတူခဲ့ကြသူများကို ရန်သူအဖြစ်သတ်မှတ်၍ အကြမ်းဖက်နည်းလမ်းဖြင့် သတ်ဖြတ် ခဲ့ကြသည်။ ပြည်တွင်း၌ PDF ခေါ် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအပြင် နာမည်ပေါင်းစုံနှင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များစွာတို့လည်း ဒေသအများအပြား တွင် ပေါ်ပေါက်လာခဲ့သည်။
အချိန်ကာလအားဖြင့် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မဲဆန္ဒရှင်များက ရွေးကောက် တင်မြှောက်ပေးလိုက်သည့် လွှတ်တော်များနှင့်အစိုးရတို့လည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ မြန်မာ့နိုင်ငံရေးသည် စာမျက်နှာသစ်တစ်ခုပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ခေါ်လျက်ရှိသလို PDF အမည်ခံ အဖွဲ့များအနေဖြင့်လည်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းထားသည်။
နိုင်ငံတော်ကို လက်နက်စွဲကိုင်ဆန့်ကျင်နေကြသည့်အဖွဲ့ အစည်းများအနေဖြင့် ဒီမိုကရေစီကို အပြောသက် သက်မျှသာ မဟုတ်ဘဲ လက်တွေ့ကျင့်သုံးကြရန်လိုသည်။ ဒီမိုကရေစီယဉ်ကျေးမှုကို လက်တွေ့ခံယူကျင့်သုံး ခြင်းဖြင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှု၊ နှစ်ဦးနှစ်ဖက် အလျှော့အတင်းလုပ်ကာ အဖြေ ရှာမှုများမှတစ်ဆင့် နိုင်ငံတစ်ဝန်း အေးချမ်းသာယာမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း


